သံတောင်ကြီး အောက်တိုဘာ ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်နှင့် စတုတ္ထအကြိမ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးစွာ ကျောင်းသူ၊ ကျောင်းသားများက မြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြုသီချင်းသီဆိုပြီး ခရိုင်ပညာရေးမှူးဦးတင့်ဝေက ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဆရာမကြီးဒေါ်နော်လဲဒါ (အထက်တန်းပြငြိမ်း)၊ ဆရာကြီးဦးစောခရစ္စတိုဖာ (အထက်တန်းပြငြိမ်း)၊ ဆရာမကြီးဒေါ်နော်တင့်တင့်ထွေး (လယ်၊အုပ်ငြိမ်း) တို့က ဩဝါဒစကားများ အသီးသီးပြောကြားခဲ့သည်။
ဆက်လက်ပြီး ဆရာမဒေါ်နှင်းပွင့်စိုးမှ ကန်တော့ကြိုးဖြင့် ပူဇော်ကန်တော့ခဲ့ပြီးနောက် ကန်တော့ခံဆရာ၊ ဆရာမကြီးများအား ကျောင်းသူ/ကျောင်းသားဟောင်းများနှင့် မြို့နယ်ဆရာဝန် ဒေါက်တာဇေယျာဦးတို့က ပစ္စည်းများပေးအပ်ကန်တော့ခဲ့ကြောင်း သိရသည်။
ထို့နောက် သံတောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ကန်တော့ခံဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသူ/ကျောင်းသားဟောင်းများက အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။
နော်နော်မူ