လိပ်သို အောက်တိုဘာ ၄
လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်၊ စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့်အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဟိန်း(ဘူမိ) ရေးသားသော “သဘာ၀အစာသဘာ၀ဆေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်များရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတတိုးပွားစေခြင်း၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိသောကြောင့် စာပေများဖတ်ရှုလေ့လာရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာ Book Club အဖွဲ့ဝင် ယွန်းကလျာအေးက “သွေးတိုးကျစေသော စားသောက်ဖွယ်ရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် စောမျိုးမင်းသိန်းက “အသက်ရှည်စေသည့် စားသောက်ဖွယ်ရာများ ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် နော်ရွှန်းနဒီဦးက “မှတ်ဉာဏ်ကို ထက်မြက်စေသော စားသောက်ဖွယ်ရာများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် လူငယ်များကသိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စာရေးဆရာ ဟိန်း(ဘူမိ)၏ “သဘာ၀အစာသဘာ၀ဆေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကြောင့် ဒေသနေ ပြည်သူများအတွက် များစွာအကျိုးရှိစေပါကြောင်း၊ အသက်ရှည်စေသော စားသောက်ဖွယ်ရာများက ကျန်းမာစွာ အသက်ရှည်လိုကြသူများအတွက် ကောင်းစွာအထောက်အကူပြုနိုင်ပါကြောင်း အသိပညာဗဟုသုတအနေဖြင့် သိရှိခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)