ဟင်္သာတမြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်း ကျင်းပ

ဟင်္သာတ အောက်တိုဘာ ၄

လူငယ်များ ဗလငါးတန် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဋ္ဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အမျိုးသားခန်းမတွင် ယနေ့နံနက် (၉)နာရီခွဲတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်က လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များနှင့်စပ်လျဥ်း၍ "ယနေ့ လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်းနိုင်ငံရဲ့ အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေပြီး လူငယ်များ အချင်းချင်းကြားတွင် ချစ်ကြည်ရင်းနှီးမှုရရှိစေကြောင်း၊ နောင်တစ်ချိန်တွင် တိုင်းပြည်တာဝန်ထမ်းဆောင်သည့်အခါ မိမိဒေသ၊ မိမိနိုင်ငံကိုချစ်ခင်မြတ်နိုး တန်ဖိုးထား၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း" အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြားပါသည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဦးတိုးဝင်းက ပညာရေးဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ ယခုလိုလူငယ်စကားဝိုင်းများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ထပ်ဆင့် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်မေဝင့်ရွှေရည်နှင့် ကျောင်းသား၊ ကျောင်းသူများက "လူငယ်နှင့်စာဖတ်ခြင်း"၊ "လူငယ်နှင့်နည်းပညာ" ၊"လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်"၊"လူငယ်နှင့်ကျန်းမာရေး"၊ "လူငယ်နှင့်အင်တာနက်သုံးစွဲခြင်း ကောင်းကျိုး၊ဆိုးကျိုးများ"ခေါင်းစဥ်များဖြင့်အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ ၊ဧည့်ပရိတ်သတ်များက ဆွေးနွေးမှုများနှင့်ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဦးဆောင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ဆက်လက်၍ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင် (ပြန်/ဆက်)