ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး လှိုင်းဘွဲမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဘားအံ အောက်တိုဘာ ၃

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးဖွင့်လှစ်သော အရန်သားဖွား(၆)လသင်တန်းနှင့် လူထုကျန်းမာရေး လုပ်သား(၁)လသင်တန်းဆင်းပွဲကို အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ ဖြစ်သည့် အရန်သားဖွားများနှင့်လူထုကျန်းမာရေးလုပ်သားများကို မွေးထုတ်လေ့ကျင့်ပေးခြင်းမှာ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ မွေးဖွားခြင်းနှင့်မွေးဖွားပြီး မိခင်စောင့်ရှောက်ခြင်းစသော မိခင်နှင့်ကလေး အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ၊ အရေးပေါ်ကျန်းမာရေးပြဿနာများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ကျေးလက်ဒေသအထိ လက်လှမ်းမီရရှိစေရန်ဖြစ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်တိုင်း ကိုယ်ဝန်စောင့်ရှောက်မှု ခံယူရန်၊ ကျွမ်းကျင်သူနှင့် မွေးဖွားခြင်းတို့သည် မိခင်နှင့်ကလေးကျန်းမာရေးအတွက် အရေးကြီးဆုံးအခြေခံအချက်များဖြစ်ရာ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေကြသော အခြေခံကျန်းမာရေးဝန်ထမ်းများနှင့်ပြည်သူလူထုကြား ပေါင်းကူး တံတားသဖွယ် ဆက်သွယ်ဆောင်ရွက်ပေးရန်မှာ အရန်သားဖွားနှင့်လူထုကျန်းမာရေး လုပ်သားတို့၏ ပဓာနအကျဆုံး တာဝန်ဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပို့ချပေးခဲ့သည့် ကျွမ်းကျင်မှုဆိုင်ရာအကြောင်းအရာအချက်အလက်များသည် ပဏာမကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် မိခင်နှင့်ကလေးနှစ်ဦးစလုံး၏ ကျန်းမာရေးအတွက် အလွန်အရေးကြီးသော အချက်အလက်များဖြစ်သကဲ့သို့ မိမိရပ်ရွာဒေသသို့ ပြန်လည်ရောက်ချိန်တွင်လည်း ပြည်သူလူထုတစ်ရပ်လုံး အတွက်လွန်စွာ အရေးပါလှသည်ဖြစ်ရာ စေတနာဖြင့် ကြိုးစားလုပ်ဆောင်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အရန်သားဖွား(၆)လသင်တန်း သင်တန်းထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး လူထုကျန်းမာရေးလုပ်သား(၅)ဦးအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းဆင်း သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် လှိုင်းဘွဲမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုအခြေအနေ၊ ဆေးဝါးကုသဆောင်ရွက်ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကာ အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်နေကြသော ဆေးရုံအုပ်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများအတွက် အထွေထွေ အသုံးစရိတ်ငွေကျပ်(၃)သိန်းနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးမွေးမြူရေးဇုန် ရှင်းလင်းဆောင်၌ မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာတင်နွယ်ရီက ကမော့ကချူးမွေးမြူရေးဇုန်တွင် မွေးမြူရန်မြေကွက်(၆၉)ကွက်ခွဲဝေချထား၍ ဥစားကြက်၊ အသားစား ကြက်၊ ဝက်၊ ဆိတ်၊ ကြက်ဆင်၊ နွားမွေးမြူထားရှိမှုနှင့်ထုတ်လုပ်မှုအခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးမွေးမြူရေးမြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် တိရစ္ဆာန်များတွင် အစာနှင့်ရေရှားပါးခြင်း၊ အာဟာရမပြည့်ဝခြင်း၊ ကူးစက်ရောဂါများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်သည် များကိုရှင်းလင်းပြောကြားပြီး ကမော့ကချူးမွေးမြူရေးဇုန်ဥက္ကဋ္ဌ ဦးခင်မောင်က ဇုန်အတွင်းနိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်း လည်ပတ်လုပ်ကိုင်နေမှုနှင့် ချေးငွေပြန်လည်ပေးဆပ်ရန် နှိုးဆော်ထားမှုအခြေအနေ၊ ဇုန်တွင်းလမ်းများ တိုးတက်ကောင်းမွန်လာမှုနှင့် လမ်းသွယ်များလိုအပ်နေသေးသည့် အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသော မွေးမြူရေးတောင်သူများက တိရစ္ဆာန်အစာဈေးနှုန်းတည်ငြိမ်ရေးနှင့် ကြုံတွေ့နေရသည့်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးချဲ့လုပ်ကိုင်ကြစေလိုကြောင်း မှာကြားကာ ကမော့ကချူး မွေးမြူရေးဇုန်အတွင်း မွေးမြူထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာအုပ်စု၊ ဖာပွန်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ မြစိမ်းရောင်ကျေးရွာကော်မတီ/အသင်းသူအသင်းသားများ၊ ကျေးရွာကော်မတီတို့နှင့် တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာ၏လိုအပ်ချက်များကို သိရှိဆောင်ရွက်ပေးနိုင်ရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဖာပွန်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးထားပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း ကွန်ကရစ် လမ်း(၄)ဖာလုံနှင့် အိမ်သွယ်ရေတိုင်စနစ်(၂)လက်မရေပိုက်(၆၀၀၀)ပေ ဆောင်ရွက်ရန်လျာထားပြီဖြစ်ကြောင်း၊ ဆောင်ရွက်ပေးရန်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများ အသီးသီးနှင့် ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးအောင် ခေတ်မီစံပြကျေးရွာများဖြစ်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝင်းနိုင်က ကျေးရွာဖွံ့ဖြိုးရေးဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး ကျေးရွာကော်မတီများက စိုက်ပျိုးရေရရှိရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများအား ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၃၆ ဒဿမ ၈၄၀ ကျပ်သန်းဖြင့် ဖာပွန်ကျေးရွာရေရရှိရေးလုပ်ငန်း အိမ်ခြေ ၂၇၅ အိမ်အကျိုးပြုမည့် ၄ လက်မ စက်ရေတွင်း၊ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်၊ (350 W) ဆိုလာရေတင်စနစ်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)