ဘားအံ အောက်တိုဘာ ၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁:၃၀ နာရီခန့်က ဘားအံမြို့နယ်၊ YuRi ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၂၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက နိုင်ငံတော်၏ဦးတည်ချက်(၉) ရပ်အနက် လူမှုရေးကဏ္ဍတွင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး အချက်ပါဝင်သည့်အတွက် လူငယ်များ ဦးဆောင်ဆွေးနွေးသည့် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ အစီအစဉ် တင်ဆက်သူအဖြစ် ဘားအံခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆောင်ရွက်ပြီး YuRi ကိုယ်ပိုင် အထက်တန်းကျောင်းမှ Grade-9 ကျောင်းသား မောင်ဇင်မျိုးကိုက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း ၊ Grade-9 ကျောင်းသူ မဇင်ဇင်ထက်က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-9 ကျောင်းသူ နန်းဦးခင်ခင်က လူငယ်နှင့်ကျန်းမာရေးနှင့်အားကစား ခေါင်းစဉ် ဖြင့်လည်းကောင်း ၊ Grade-9 ကျောင်းသူ နန်းခင်မြတ်နိုးက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-9 ကျောင်းသူ မိအမရာကိုက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များမေးမြန်းကြရာ စကားဝိုင်းဦးဆောင် ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူများ၊ ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)