လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် မြတ်ဆရာပူဇော်ကန်တော့ပွဲပြုလုပ်

လိပ်သို အောက်တိုဘာ  ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား လူ့လောကတိုးတက်သာယာရေး အတွက် လိုအပ်ချက်ဖြစ်သည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးအောင် လမ်းပြခဲ့သောဆရာတို့၏ ဂုဏ်ကျေးဇူးကို သိရှိစေရန်ရည်ရွယ်၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အခြေခံပညာ အထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက အဖွင့်အမှာစကားများ ပြောကြားပြီးနောက် အထက်တန်းပြဆရာမ ဒေါ်ဝေဝေလွင်က လူ့လောက၌ ဆရာဟူသည် မြင့်မြတ်လှသော ပုဂ္ဂိုလ်အဖြစ် အနန္တောအနန္တငါးပါးတွင် ထည့်သွင်းခဲ့ကြောင်း၊ ဆရာဟူသည် ပညာသင်ကြားပေးသူ၊ သွန်သင်ဆုံးမနည်းလမ်းပြသူဟု မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားကြောင်း၊ တပည့်များအား ရှေ့ဆောင်လမ်းပြပေးနေသည့် မီးရှူးတန်ဆောင် မေတ္တာစေတနာရှင်ကြီးများဖြစ်ကြောင်း၊ ဆရာသမားများ၏အရိပ်သည် တပည့်တည်းဟူသော မျိုးစေ့ပင်တို့ကို အစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက်မှု ပေးနိုင်စွမ်းရှိကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ဆရာ/ဆရာမများသည် သံချေးတက်နေသော ဓားများကို အစွမ်းထက်သောဓားများဖြစ်လာအောင် စွမ်းဆောင်နိုင်သကဲ့သို့ ကျောင်းသားလူငယ်တပည့်များကို လူတော်လူကောင်းများဖြစ်အောင် မွေးထုတ်ပေးကြသူများဖြစ်ကြောင်း၊ နောင်တစ်ခေတ်တွင် ခေါင်းဆောင်ဖြစ်လာမည့် နိုင်ငံတော်ကို တည်ဆောက်ကြမည့် မျိုးဆက်သစ်ကလေးများကို ပြုစုပျိုးထောင်ပေးကြရသည့် အခြေခံပညာဆရာ/ဆရာမတို့မှာ အရေးပါဆုံးသော ပုဂိ္ဂုလ်များပင်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် စိတ်ကူးဉာဏ်၊ အတွေးအခေါ် ရင့်သန်ခြင်းရှိမှ မိမိတို့ဘဝနောက်မကျဘဲ ကြီးပွားတိုးတက်မည်ဖြစ်ကြောင်း၊ ဗဟုသုတကြွယ်၀၍ လိမ္မာရေးခြားရှိလာစေရန် စာဖတ်ဝါသနာရှိကြရမည် ဖြစ်ကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာဗသုတများကိုလည်း ကျောင်းသား/ကျောင်းသူများ သိရှိနိုင်ရန် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

နေ့လယ်ပိုင်းတွင် မြတ်ဆရာပူဇော်ကန်တော့ပွဲကို ဆက်လက်ပြုလုပ်ရာ ဆရာကြီး/ဆရာမကြီးများအား ပူဇော်ပစ္စည်းများဖြင့် ကန်တော့ခဲ့ကြပြီး ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများက ဩဝါဒစကားများ ချီးမြှင့်မြွက်ကြားပေးခဲ့ကြသည်။ အဆိုပါပူဇော်ပွဲအခမ်းအနားသို့ အသက်(၇၀)နှစ်နှင့်အထက် သက်ကြီးဆရာ/ဆရာမကြီးများ တက်ရောက်ခဲ့ကြကြီး တက်ရောက်နိုင်ခြင်းမရှိသည့် ဆရာကြီး/ဆရာမကြီးများအား အိမ်တိုင်ရာရောက်သွားရောက် ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)