မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ  ဘက်စုံပညာထူးချွန်ထက်မြက်စေရန် လူငယ်စကားဝိုင်း ကျင်းပ

မြဝတီ အောက်တိုဘာ  ၃

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး   နိုင်ငံတော်၏  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် လူငယ်စကားဝိုင်းကို  ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။

ဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနိုင်က အဖွင့်အမှာစကားပြောကြားပြီး   ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက လူငယ်၊ လူရွယ်များသည် နိုင်ငံတော်၏ အဓိကစွမ်းအားစုဖြစ်၍  ဘက်စုံပညာ ထူးချွန်ထက်မြက်နေစေရန် လူငယ်စကားဝိုင်းများ  ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းဖြင့် လူငယ်စကားဝိုင်းပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

၎င်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး Grade-8 မှ မောင်စိုးမင်းနိုင်က လူငယ်နှင့်စာပေ၊ Grade-9 မှ မောင်ပြည့်စုံဖြိုးက လူငယ်နှင့်ကျန်းမာရေး၊ Grade-10 မှ မအိဖြူအောင်က လူငယ်နှင့်အားကစား ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြကာ တက်ရောက်လာသည့် ကျောင်းသား၊  ကျောင်းသူများက  ခေါင်းစဉ်အလိုက်   သိရှိလိုသည်များကို   မေးမြန်းဆွေးနွေးပြီးနောက်  တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုလက်ဆောင်ပစ္စည်းများ  ချီးမြှင့်ပေးသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ခင်းကျင်းပြသပေးသည့်  ဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်များနှင့်  သုတ/ရသစာအုပ်များကို   ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)