ပြည်ကြီးမဏ္ဍိုင်မြို့တွင် မွေးကင်းစအရွယ်မှစ၍အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး

ပြည်ကြီးမဏ္ဍိုင် အောက်တိုဘာ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် မွေးကင်းစအရွယ်မှစ၍ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက စတင်ကာ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများက မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးများကို ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသားရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးပါးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုးစသည့်ဆေးများထိုးနှံ/တိုက်ကျွေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန်တိုင်းခြင်း၊ ဗိုက်များစမ်းသပ်ခြင်းများအား ဆောင်ရွက်လျက်ရှိပြီး ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို လစဉ်ပထမပတ်အတွင်း ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)