ပွင့်ဖြူ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၁၈ ရက်နေ့ကစပြီး တောင်သူများလက်ဝယ်အရောက် စဉ်ဆက်မပြတ် ထုတ်ချေးဆောင်ရွက်ပေးခဲ့ရာ စက်တင်ဘာ ၂၈ ရက်နေ့တွင် မြို့နယ်အတွင်းရှိ မိုးသီးနှံစိုက်ပျိုးစရိတ် ထုတ်ချေးပေးရမည့် တောင်သူများအားလုံးကို အောင်မြင်စွာ ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ် ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင် ထံက သိရသည်။
ထိုသို့ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာ၌ ဦးစွာ ချေးငွေ မထုတ်ချေးမီ မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင် က ဒေသခံတောင်သူများကို သီးနှံအလိုက် ချေးငွေထုတ်ချေးပေးမှုနှုန်းထားနှင့် ချေးငွေပေးဆပ်ရမည့်ကာလတွင် အချိန်မီ ပေးဆပ်နိုင်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို အသိပေး ရှင်းလင်းဆွေးနွေး ပြောကြားပြီး စိုက်ပျိုးစရိတ်ချေးငွေများကို ဒေသခံတောင်သူများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးရမည့် ကျေးရွာအုပ်စု (၅၁)အုပ်စု ၊ တောင်သူဦးရေပေါင်း ၆၉၂၁ ဦး ရှိကြောင်းသိရကာ ဒေသခံတောင်သူများ မိုးစပါးနှင့် အခြား မိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် စပါးစိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲနှုန်း ၊ အခြား မိုးသီးနှံစိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ် တစ်သိန်းနှုန်းဖြင့် စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ချေးငွေထုတ်ချေးပေးမှုအနေဖြင့် မိုးစပါး စိုက်ဧက ၃၀၂၆၀ ဧက နှင့် အခြားသီးနှံ နှမ်း ၁၉၇၈ ဧက ၊ ပဲကြီး ၅၄ ဧက ၊ ပဲတီစိမ်း ၇၈ ဧက တို့အတွက် စုစုပေါင်း စိုက်ပျိုးစရိတ်ချေးငွေကျပ် ၄၇၅၀၀ သိန်းအား အောင်မြင်စွာ ထုတ်ချေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကိုလည်း ဒေသခံတောင်သူများ မိုးသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ချေးငွေထုတ်ချေးရန် သတ်မှတ်လျာထားရှိသည့် စက်တင်ဘာလအတွင်း ပြီးစီးအောင် ထုတ်ချေးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင် က ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )