နတ်မောက်မြို့နယ် တမာပင်ကွင်း၌ အဝါရောင်ပိုးထောင်ချောက်များ စိုက်ထူ

နတ်မောက် အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အဝါရောင်ပိုးထောင်ချောက်များ စိုက်ထူပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တမာပင်ကွင်း၌ ဆောင်ရွက်ခဲ့သည်။

ကျေးလက်ဒေသတောင်သူများသည် မိမိတို့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ချည်မျှင်ရှည်ဝါများကို အားထားစိုက်ပျိုးလာကြသည်။  ဈေးကောင်းလည်းရ အထွက်နှုန်းကောင်းမွန်သည့် ချည်မျှင်ရှည်ဝါမျိုးများဖြစ်သည့် ရွှေတောင်-၁၀၊ ရွှေတောင်-၈ ၊ ငွေချည်-၉၊ ငွေချည်-၆ ဝါမျိုးများကို စိုက်ပျိုးလာကြသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်  မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးအတွက် တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ချည်မျှင်ရှည်ဝါစိုက်ခင်းအတွင်း ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး ကာကွယ်ရေးလုပ်ငန်းများအတွက် အဝါရောင်ပိုးထောင်ချောက်များ စိုက်ထူပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချို ထံမှသိရသည်။ 

ဦးလှဝင်း