ကြံခင်းမြို့တွင် မွေးစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အားပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်းဆောင်ရွက်

ကြံခင်း အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မွေးစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ ခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုး၊ ဆေးတိုက်ရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဝင်းဝင်းကြည်နှင့် ဘက်စုံသားဖွားဆရာမများက မွေးစမှ(၁)နှစ်ခွဲအထိ ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင်မိခင် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းများကို ဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းအဖြစ် မွေးစမှ(၁)နှစ်ခွဲထိ ကလေးငယ်များအား ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ (ရိုတာ) ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံ၊ တိုက်ကျွေးပေးကြောင်း  မြို့နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)