တနိုင်း အောက်တိုဘာ ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၄ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ယင်းသို့ စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ ရရှိသည့် အရေအတွက်အတိုင်း ပြည့်/မပြည့်၊ စွန်းထင်း/ စုတ်ပြဲနေသော ဆန္ဒမဲလက်မှတ်များ ပါဝင်မှု ရှိ/မရှိ၊ သတ်မှတ်မဲဆန္ဒနယ်၏ ဆန္ဒမဲလက်မှတ် ဟုတ်/မဟုတ်၊ ပါဝင်ရမည့် ကိုယ်စားလှယ်လောင်း အရေအတွက် မှန်/မမှန်နှင့် ကိုယ်စားလှယ် လောင်းများ၏အမည်၊ အသုံးပြုသင်္ကေတ (Logo)များ မှန်ကန်မှု ရှိ/မရှိတို့အား ဖွင့်ဖောက်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ရာတွင် တနိုင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ပညာပေးဝန်ထမ်းများမှ စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ ဆန္ဒမဲလက်မှတ်များ အား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)