ရွှေကျင် အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် တံခွန်တိုင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းအေးအေးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သဲစုအောင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ကျောင်းသား/ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်စကားဝိုင်းအားစတင်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုအောင်နှင့်အထက်တန်းပြဆရာကြီးဦးကိုကိုအောင်တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ပါဝင်ခဲ့ကာ Grade-11 မှ ကျောင်းသား မောင်ကောင်းခန့်ကျော်က လူငယ်နှင့်ကျန်းမာရေး၊ Grade-11 မှ မောင်ဝေယံထက်က လူငယ်နှင့်မူးယစ်ဆေး၊ Grade-10 မှ မဆုရတီနှင်းက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade-9 မှ မစုစုဝေက လူငယ်နှင့်ယဥ်ကျေးမှုအစရှိသည့် အကြောင်းအရာများအား ခေါင်းစဉ်အလိုက် ဆွေးနွေးသွားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာသောကျောင်းသား/ကျောင်းသူများမှ မိမိတို့သိရှိလိုသည့်အကြောင်းအရာများအား မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးတို့တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)