အထက်မင်းလှ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်သဘာ၀ပတ်ဝန်းကျင်ကာသိမ်း ကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ် အစားငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များအစားထိုးအသုံးပြုရေး အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၈)နာရီက မင်းလှမြို့ ဇေယျာသီရိဈေးတွင် ဈေးရောင်း စျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ်များသည် အလွယ်တကူ ဆွေးမြေ့ကြေပျက်မှု မရှိသည့်အတွက် ကမ္ဘာ့ရေထုမြေထုအားညစ်ညမ်းစေခြင်း၊ သက်ရှိသတ္တဝါများအတွက် အန္တရာယ်ဖြစ်စေနိုင်သဖြင့် ပလပ်စတစ်အိတ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်စသည့် ထုတ်ပိုးပစ္စည်းများ အစားထိုးအသုံးပြုရေး အသိပညာပေးလက်ကမ်းစာစောင်များ၊ ငှက်ပျောဖက်၊ အင်ဖက်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ စည်ပင်သာယာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)