ကဝ အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(မကျက်ကြီး)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(မကျက်ကြီး)မှ တာဝန်ခံဆရာမကြီးဒေါ်နုနုဆွေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းဝင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းဝင်းက ဦးဆောင်ဆွေးနွေးကာ Grade-12 မှ မဆုလာဒ်ထိုက်က လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-11 မှ မောင်ငြိမ်းဝေက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မပြည့်ဖူးငုံက လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မမိုးပြည့်ပြည့်ကျော်က လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးသွားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည့်အကြောင်းအရာများကို ခေါင်းစဉ်အလိုက် မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ(၁၀၀)ဦးတို့တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)