မြို့သစ်မြို့နယ်ဒေသထွက် ခရမ်းချဉ်သီးများ စျေးကျသော်လည်း ပုံမှန်ရောင်းချရသဖြင့် နေ့စဉ်ဝင်ငွေရရှိ

မြို့သစ် အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဥ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျှက်ရှိပြီး ရောင်းချချိန်တွင် ခရမ်းချဉ်သီးဈေးနှုန်းများ ကျဆင်းလာသော်လည်း ပုံမှန်ရောင်းချရသဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိကြောင်း သိရသည်။

ခရမ်းချဉ်သီးနှံသည် ပျိုးထောင်သည့်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ် မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ခရမ်းချဥ်စိုက်ပျိုးသူတစ်ဦးထံက သိရသည်။

ခရမ်းချဉ်မျိုး(၂)ထုပ်စိုက်ပျိုးပါက ငွေကျပ်ငါးသိန်းခွဲ၊ ခြောက်သိန်းဝန်းကျင်ခန့်ကုန်ကျကြောင်း စိုက်ပျိုးပြီး ရက်ငါးဆယ်ဝန်းကျင်တွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ အသီးစတင်ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် တစ်ခါခူးဆွတ်ပါက ပိဿာချိန်(၁ဝဝ)ကျော်အထိ ခူးဆွတ်ရကြောင်း၊ (၂)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါး ဝင်ငွေရကြောင်း၊ ရောင်းဈေးအနေဖြင့် ခရမ်းချဉ်အလုံးလှ တစ်ပိဿာငွေကျပ်(၁ဝ၀၀)ကျပ်နှင့် အလုံးမလှ(အကြမ်း) တစ်ပိဿာလျှင်ငွေ ကျပ်၆၀၀ ကျပ်မှ ၇၀၀ ကျပ်စျေးဖြင့် ရောင်းချရကြောင်း ခရမ်းချဉ်သီးစိုက်ပျိုးသူတစ်ဦးကပြောသည်။

မြို့သစ်မြို့နယ်တွင် စီးပွားဖြစ်ခရမ်းချဉ်သီးစိုက်ပျိုးသူများအနေဖြင့် တိုင်ထောင်ခရမ်းချဉ်မျိုးများ အဓိကထား စိုက်ပျိုးကြကြောင်းနှင့် တိုင်ထောင်ခရမ်းချဥ်များသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ဦးစွာသဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

သန်းဝင်းထွန်း ( ပြန်/ဆက်)