ပေါင်းတည်၌ လယ်ယာကုန်ထုတ်လုပ်မှုမြင့်မားရေး တောင်သူပညာပေး ကွင်းဆင်းဆောင်ရွက်

ပေါင်းတည် အောက်တိုဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာကုန်ထုတ်လုပ်မှုမြင့်မားရေးဆိုင်ရာ တောင်သူပညာပေးလုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့က ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်​ ကြို့ကုန်းကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များဖြစ်သော စိုက်ပျိုးရေးဦးစီးမှူးဦးအောင်မျိုးမင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးမှူး ဦးရဲဝင်းနှင့်ဝန်ထမ်းများက ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် တောင်သူများနှင့်တွေ့ဆုံကာ မိုးစပါးရိတ်သိမ်းမှုတွင် အလေအလွင့်နည်းပါးရေး၊ ဒုတိယသီးနှံ ၅ မျိုးကို စိုက်ပျိုးမြေအနေအထားအလိုက် လျာထားချက်ပြည့်မီအောင် ဆက်လက်စိုက်ပျိုးနိုင်ရေး၊ သီးနှံဖြစ်ထွန်းအောင်မြင်ရေးရန် သဘာဝမြေသြဇာရရှိရေးအတွက် ရိုးပြတ်ဆွေး၊ ပြောင်းရိုးဆွေး၊ နှမ်းရိုးဆွေးနှင့်နွားချေး၊ ဝက်ချေး၊ ကြက်ချေးများကြိုတင်စုဆောင်း၍ စိုက်ပျိုး​မြေများတွင်ထည့်သွင်းစိုက်ပျိုးနိုင်ရေး၊ မျိုးမှန်၊ မြေမှန်၊ စိုက်နည်းမှန်စေရေးတို့အတွက် အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းနောက် လယ်ယာစိုက်ပျိုးမှုအခြေအနေနှင့် လယ်ယာကုန်ထုတ်လုပ်နိုင်မှုများကို တောင်သူများသိရှိနိုင်စေရန်နှင့် စိုက်ပျိုးနည်းစနစ်များသိရှိနိုင်စေရန် လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)