ဒေးဒရဲ အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ၏ စိုက်ပျိုးလယ်ယာမြေများတွင် စပါးအထွက်နှုန်းတိုးတက်စေရေးနှင့် ရာသီအလိုက် ကျရောက်တတ်သည့် ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ကျေးရွာများအရောက် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက လေးအိမ်တန်းကျေးရွာရှိ တဝဂူဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ လေးအိမ်တန်း ကျေးရွာအုပ်စုနှင့် ဓနှုံးကုန်းကျေးရွာအုပ်စုက ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဦးစောလေးနိုင်နှင့် လက်ထောက်ဦးစီးမှူး ဦးသန်းနိုင်စိုးတို့က တစ်ဧကစပါး (၁၀)တင်းနှုန်း ပိုမိုတိုးထွက်စေရေး စိုက်ပျိုးရေးနည်းလမ်းများ၊ ဓာတ်မြေသြဇာအချိန်ကိုက် သုံးစွဲနည်းများ၊ ရာသီအလိုက် ကျရောက်တတ်သည့် ပိုးမွှားရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် စပါးပေါ်ချိန်တွင် ကျရောက်တတ်သည့် ကြွက်အန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် လယ်မြေများ စပါးအထွက်နှုန်းတိုး တက်စေရေး အတွက် စိုက်ပျိုးရေးနည်းလမ်းများနှင့် ပိုးမွှားအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို စိုက်ကွင်းများအရောက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း