လိပ်သို အောက်တိုဘာ ၃
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား/ ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များတိုးတက်စေရန်နှင့် စာကိုပြေပြေပြစ်ပြစ် တန်ဆာဆင်ရေးတတ်စေရန်အတွက် ရည်ရွယ်၍ စာစီ စာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း၊ စာကိုပြေပြေပြစ်ပြစ်၊ မှန်မှန်ကန်ကန် ဖတ်ချင်စဖွယ်ဖြစ်အောင် လေ့ကျင့်သီကုံးရေးသားတတ် မည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မည်သည့်ပြိုင်ပွဲကိုမဆိုဆုရသည်၊ မရသည် အဓိကမထားပဲ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများအား ဆက်လက်ပြုလုပ်ရာ စာစီစာကုံးပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၀) ဦး၊ ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၁၈) ဦးတို့က ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အအေးဗူးများဝေငှခြင်းနှင့် အဟာရမုန့်များဖြင့် ကျွေးမွေးဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)