တောင်တွင်းကြီး အောက်တိုဘာ ၃
တောင်တွင်းကြီးမြို့နယ်တွင် အယ်နီညိုကျရောက်မှုကြောင့် မွေးမြူရေးလုပ်ငန်းများတွင် သက်ရောက်မှုဆိုးကျိုးများအပေါ် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးမိုးဝင်းက ကြိုတင်ပြင်ဆင်ရမည့်မွေးမြူရေး လုပ်ငန်းများနှင့်ပတ်သက်၍ မွေးမြူသူတောင်သူများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ရန်၊ အယ်လ်နီညိုဖြစ်စဉ်ဆိုင်ရာ အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ ဖွဲ့စည်းရန်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ မွေးမြူရေးအစာနှင့် ရေများ ထောက်ပံ့နိုင်ရေး စီမံထားရှိမည့်အခြေအနေ၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဖြစ်ပွားတတ်သည့် တိရိစ္ဆာန်ရောဂါများအား ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးမိုးဝင်းနှင့်ဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)