၂၀၂၃ ခုနှစ်၊ လွိုင်ကော်မြို့နယ်အတွင်း စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်

လွိုင်ကော် အောက်တိုဘာ ၃

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဒေါဆော်ဘီးကျေးရွာနှင့် ရွေတောင်ရပ်ကွက်တို့တွင် ယနေ့နံနက်ပိုင်းမှစတင်ပြီး စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကယားပြည်နယ်ဦးစီးမှူး ဦးမြင့်ကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွိုင်ကော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းသည် ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းအဖြစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းဖြစ်ကြောင်း၊  လွိုင်ကော်မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် အဖွဲ့(၂)ဖွဲ့ခွဲကာ Mobile Tablet များအသုံးပြု၍ CAPI နည်းဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)