ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံ ချည်မျှင်ရှည်ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပွင့်ဖြူ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးရွာသွန်းမှု ကောင်းမွန်ခဲ့သဖြင့် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေးအတွက် အားထားစိုက်ပျိုးခဲ့သည့် ချည်မျှင်ရှည်ဝါ စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ချည်မျှင်ရှည်ဝါသီးနှံစိုက်ပျိုးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဇွန်လဆန်းပိုင်းကစ၍ စိုက်ပျိုးခဲ့ရာ ယနေ့အထိ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ဧက ၃၂၃၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် ယခုလက်ရှိတွင် ဒေသခံတောင်သူများက ဝါစိုက်ခင်းများကို တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြေဩဇာကျွေးခြင်း ၊ မြေဆွပေါင်းနုတ်ခြင်းနှင့် ပိုးမွှားရောဂါ မရောက်စေရန် ကြိုတင်ကာကွယ်ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင်  မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်၍ ဒေသခံတောင်သူများကို ဝါသီးနှံအထွက်နှုန်း တိုးတက်စေရေးအတွက် လိုက်နာရမည့် အခြေခံစိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 " ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ရည်ရွယ်ပြီးတော့ ဈေးကွက်ရှိတဲ့ ချည်မျှင်ရှည်ဝါသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ဧက ၅၀၀၀ လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ရာမှာ ယနေ့အထိ မြေပြင်စိုက်ပြီးဧက ၃၂၃၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ ချည်မျှင်ရှည်ဝါသီးနှံဟာ ဈေးကွက်ရှိတဲ့အတွက် နှစ်စဉ် မိုးရာသီမှာ ဒေသခံတောင်သူတွေက အားထားစိုက်ပျိုးလုပ်ကိုင်ကြ တယ်။ ယခုနှစ်မှာလဲ ချည်မျှင်ရှည်ဝါသီးနှံစိုက်ပျိုးခြင်းကို ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ ၊ ကျွဲတိကျေးရွာ ၊ မဒဲကျေးရွာ ၊ ကျောင်းကုန်းကြီးကျေးရွာ ၊ ရေပုတ်လေးကျေးရွာနဲ့ ကုလားဟောင်းကျေးရွာတို့မှာ ဒေသခံတောင်သူတွေက အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဒေသခံတောင်သူတွေကိုလဲ ဝါသီးနှံစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သီးနှံအထွက်နှုန်း တိုးတက်စေဖို့အတွက် အဓိက လုပ်ဆောင်ရမယ့် စိုက်ပျိုးနည်းစနစ်တွေ ၊ သီးနှံပိုးမွှားရောဂါ မကျရောက်အောင် ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေ ၊ စိုက်ပျိုး‌ရေးသွင်းအားစု စနစ်တကျ သုံးစွဲနည်းတွေ ၊ စိုက်ပျိုးရေးအတွက် ကုန်ကျစရိတ် သက်သာစေမယ့် ကိုယ်တိုင်သဘာဝမြေဩဇာနဲ့ သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်းစနစ်တွေ စတဲ့ စိုက်ပျိုးရေး နည်းပညာများကို အနီးကပ်ကြီးကြပ်ပြီးတော့ တောင်သူအသိပညာပေးခြင်းများကို တွန်းအားပေး ဆောင်ရွက်နေပါတယ်။ ဒီနှစ် မိုးရွာသွန်းမှုကောင်းတာကြောင့် ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ ချည်မျှင်ဝါသီးနှံစိုက်ခင်းတွေဟာ အောင်မြင်ဖြစ်ထွန်းလျက် ရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည်  စိုက်ပျိုးရေ အဆင်ပြေမှုကြောင့် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေတွက်ခြေကိုက်သည့် ချည်မျှင်ရှည်ဝါ ၊ ရွှေတောင်(၈) ရွှေတောင်(၁၀) စသည့် ဝါသီးနှံမျိုးများကို  စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရကာ ယခုနှစ် မိုးရွာသွန်းမှုကောင်းမွန်သဖြင့်  ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့်အတွက် ဒေသခံတောင်သူများက ဝါဈေးကောင်းရရှိရန် မျှော်လင့်လျက် ရှိကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )