သာယာဝတီမြို့နယ်တွင် ကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော

သာယာဝတီ အောက်တိုဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ‌သာယာဝတီမြို့နယ်၊‌ သုံးဆယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (သုံးဆယ်) ပီမိုးနင်းခန်းမ၌ အမှတ် (၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ)မှ ဦးဆောင်၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ တပ်ဖွဲ့စိတ် (သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ Social Media အသုံးပြု၍ နည်းမျိုးစုံဖြင့် စည်းရုံးနေမှုများအား သတိပြုဆင်ခြင်နိုင်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမှတ် (၄၁/၂၂)ဖြင့် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ဥပဒေပါအကြောင်းအရာများနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ အကြောင်းအရာများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၂၃)ဦး တက်ရောက်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန့်ဇော် (ခရိုင်ပြန်/ဆက်)