ပဲခူး အောက်တိုဘာ ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၁)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်သို့ ရောက်ရှိခဲ့ပြီး စာရင်းကောက်ကွက်တစ်ခုဖြစ်သည့် ပြည်တော်သာ(၁)လမ်းမှ ပြည်တော်သာ(၅)လမ်းအထိ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား တစ်အိမ်တက်ဆင်းကောက်ယူနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့များ၏ စားစရိတ်နှင့် သီးခြားလိုအပ်ချက်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရုံးကြီးရပ်ကွက်၌ အိမ်ထောင်စု(၁၆၂)စု၊ ကျား(၂၈၈)ဦး၊ မ(၄၃၉)ဦး၊ စုစုပေါင်းလူဦးရေ (၇၂၇)ဦး၏ အချက်အလက်များအား ကောက်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့စ၍ အောက်တိုဘာလ(၁၅)ရက်နေ့အထိ ပဲခူးမြို့နယ်၌ စာရင်းကောက်ကွက်(၅)ခုတွင် အိမ်ထောင်စု(၂၂၆၃)စု၊ လူဦးရေ(၁၀၃၂၀)ဦးနှင့် ပေါင်းတည်မြို့နယ်၌ စာရင်းကောက်ကွက်(၄)ခုတွင် အိမ်ထောင်စု(၄၇၇)စု၊ လူဦးရေ(၁၇၉၀)ဦးတို့အား တစ်ပြိုင်တည်းစမ်းသပ်သန်းခေါင်စာရင်း ကောက်ယူလျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)