ဓနုဖြူ အောက်တိုဘာ 3
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲကို ယနေ့ အောက်တိုဘာလ ၂ရက်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဆရာကြီးဦးသိန်းဝင်းနှင့် ကျောင်းကြက်ခြေနီ အသင်း နာယက ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်နုတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှမျိုးသန့်က ကြက်ခြေနီအသင်းပေါ်ပေါက်လာပုံနှင့် ရှေးဦးပြုစုနည်းအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ရှေးဦးပြုစုနည်းများဖြစ်သော သတိလစ်လူနာပြုစုနည်း၊ အသက်ရှူအားကူနည်း၊ လူနာစမ်းစစ်နည်း၊ နှာခေါင်းသွေးယိုခြင်းကုသနည်း စသည့်ရှေးဦးပြုစုနည်းများအား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်နိုင်ဝင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)