မအူပင်မြို့တွင် စမ်းသပ်သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူ‌နေမှုများအား လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်း ကြည့်ရှုအားပေး

မအူပင်     အောက်တိုဘာ    ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် စမ်းသပ်သန်းခေါင်စာရင်းစတင်ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက အိုင်ဝိုင်းကျေးရွာအုပ်စု၊ တာကောက်ကျေးရွာနှင့် မအူပင်တက္ကသိုလ်အတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကွင်းဆင်းကောက်ယူလျက်ရှိရာ လူမှုရေးဝန်ကြီးဦးမောင်မောင်သန်းနှင့် ခရိုင်/မြို့နယ်သန်းခေါင်စာရင်း‌ ကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

စမ်းသပ်သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူနေမှုများအား လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုကျော်၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိဦးခင်မောင်အေးဦးဆောင်၍ ကျေးလက်ကောက်ကွက် (၆) ကွက်အား စာရင်းကောက်အဖွဲ့ (၂)ဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစမ်းသပ်သန်းခေါင်စာရင်းကောက်ယူရခြင်းမှာ ပင်မသန်းခေါင်စာရင်းကောက်ယူရန် (၁)နှစ် အလို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူမှာဖြစ်ပြီး သန်းခေါင်စာရင်း လုပ်ငန်းစဉ် များဖြစ်သည့် သန်းခေါင်စာရင်းများကောက်ယူခြင်း၊ အချက်အလက်များရေးသွင်းခြင်း၊ စာရင်းဇယား ပြုစုခြင်းနှင့်သန်းခေါင်စာရင်းရလဒ်များစမ်းစစ်ခြင်းစသည့် လုပ်ငန်းစဉ်များအား စမ်းသပ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှသိရသည်။

မအူပင်ခရိုင်(ပြန်/ဆက်)