ကသာ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးမောင်မောင်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကသာခရိုင် ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးသိန်းထိုက်စိုးက ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများအကြောင်း၊ ယာဉ်မောင်းများ လိုက်နာရမည့် စည်းကမ်းချက်များ၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့်အကြောင်း အရာများ၊ ခရိုင်မူးယစ်တပ်ဖွဲ့စု(၆)မှ ဒုရဲမှူး ကျော်နိုင်က “မူးယစ်ကင်း စင်တို့ပြည်တခွင် သာယာလှပ လူမှုဘဝ” အကြောင်း အရာတို့ကို အသီးသီး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ကသာမြို့နယ် စာရေးဆရာအသင်းဝင်ကြယ်ပြောင်(ကသာ)က ရေကန်တောင်တော် သမိုင်းစာအုပ် ရေးသားရခြင်းအကြောင်းကိုလည်းကောင်း၊ ကသာမြို့နယ် မူးယစ် ဆေးဝါးဆန့်ကျင့်ရေးအသင်းဥက္ကဋ္ဌ ဦးဘမောင်က လူငယ်နှင့်မူးယစ်အစ ဆေးလိပ်က ခေါင်းစဉ်နှင့် မူးယစ်ဆေးအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြသည်။ ထို့နောက် အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများကို ကသာမြို့ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်နှင့် ကသာမြို့မူးယစ်တပ်ဖွဲ့စု(၆)မှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်းနှင့် အ.လ.က(၃)ကျောင်းစာကြည့် တိုက်အတွက် စာရေးဆရာ ကြယ်ပြောင်(ကသာ)က ရေကန်တောင်တော်သမိုင်း စာအုပ်လှူဒါန်းပေးခဲ့ရာ ကျောင်းအုပ်ဆရာကြီးက လက်ခံရယူခဲ့ ကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)