ဒေးဒရဲမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/ ၂၀၂၃) ဖွင့်လှစ်

ဒေးဒရဲ အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မီးဘေးအန္တရာယ်မှ တားဆီး ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက စနစ်တကျ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူမှုဝန်ထမ်းစိတ်ကို အခြေခံသည့် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်၍ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှုးဖွင့်လှစ်သော အရန်မီးသတ် တပ်ဖွဲ့ဝင်များ၏ လေ့ကျင့်ရေး မွမ်းမံသင်တန်း (၁/၂၀၂) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ကျုံသင်နယ်မြေ၊ မီးသတ်စခန်းတွင် ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက မီးသတ်ဦးစီးဌာနအနေဖြင့် ရပ်ရွာအခြေပြုမီးဘေးအန္တရာယ် တားဆီး ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးနှင့် ကပ်ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် မြို့နယ်သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်း များ ဆောင်ရွက်နိုင်ရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရာတွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်၍ မီးသတ် ဦးစီးဌာန၏ ရည်မှန်းချက် တာဝန်ကြီး(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် တာဝန်များ ဆောင်ရွက်ရာတွင် သန္ဓေတပ်ဖွဲ့ဝင်များနှင့် အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များလည်း အတူတကွ ပါဝင်ဆောင်ရွက်သွားရမှာဖြစ်၍ သင်တန်းသားများ အနေဖြင့် ကြိုးကြိုးစားစား သင်ယူလေ့လာ သွားကြရန်နှင့် သင်ယူခဲ့သော ဘာသာရပ်များကို အခြေခံပြီး မိမိရပ်ရွာဒေသ မီးဘေးလုံခြုံရေး၊ ရပ်ရွာဘေးအန္တရာယ် လုံခြုံရေးနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် တာဝန်ရှိသူများက အရန်မီးသတ်ဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရပ်ကွက်၊ ကျေးရွာများက အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၀၀) ဦး ရွေးချယ်စုဖွဲ့ ထားပြီး သင်တန်းနည်းပြများအဖြစ်  မြို့နယ်မီးသတ်ဦးစီး ဌာနက တပ်ဖွဲ့ဝင် (၅)ဦးက စည်းကမ်း သေသပ်မှု၊ မီးသတ်ပညာဘာသာရပ်နှင့် ရှာဖွေကယ်ဆယ်ရေးဘာသာရပ်များကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂)ရက် နေ့မှ (၂၇) ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း