နတ်မောက်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား လိုက်လံကြည့်ရှုစစ်ဆေး

နတ်မောက် အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စည်ပင်သာယာရေးဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအား အောက်တိုဘာ၁ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူးတို့က နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးသည့် လွတ်လပ်ရေးကျောက်တိုက်ပန်းခြံအတွင်း သာယာလှပရေး ဆောင်ရွက်ထားရှိမှု၊  မြို့နယ် နယ်နိမိတ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် နေရာများအား ရေစီးရေလာကောင်းမွန်စေရေး  ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိမှ မြေပုံကားချပ်နှင့် ရှင်းလင်းပြသခဲ့သည်။ ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာတို့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဌာန ဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီး ဦးစီးမှူးတို့အား(Power Point)ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးမှ လိုအပ်သည်များအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

လှဝင်း