မြိတ် အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရေးနှင့်အရည်အသွေးပြည့်ဝထက်မြက်စေရန်နှင့် ခေတ်နဲ့အညီတိုးတက် ပြောင်းလဲလာသည့် မီးသတ်ပညာရပ်များကို မီးသတ်တပ်ဖွဲ့ဝင်တိုင်း သိရှိနားလည်တတ်မြောက်စေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက မြိတ်ခရိုင်မီးသတ်စခန်း၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးက မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည် (၄)ရပ်ဖြစ်သည့် မီးသတ်စွမ်းရည်၊ အုပ်ချုပ်မှုစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များကို အစဉ်ထက်မြက်စေရေး လေ့ကျင့်သွားရမှာဖြစ်ပြီး ပြည်သူများ၏ အသက်၊ အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားများကို မီးဘေးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်များမှ လွတ်ကင်းအောင် မီးသတ်သတ်ဖွဲ့ဝင်များ၏ ဆောင်ပုဒ်အတိုင်း “ သတိ၊ သစ္စာ၊ သတ္တိ ” ဖြင့် ဆောင်ရွက်ကြရန်ပြောကြားသည်။
ထို့နောက် သင်တန်းသားများအတွက် သင်တန်းစာရေးကိရိယာနှင့် သင်တန်းသားတူညီဝတ်စုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး အာကာအောင်က ပေးအပ်သည်။ အဆိုပါသင်တန်းကို မြိတ်မြို့နယ်အတွင်းရှိ အရန်တပ်ရင်းများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀၀) ဦးတက်ရောက်ခဲ့ကြပြီး မီးသတ်ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို သင်တန်းကာလရက်သတ္တ(၄)ပတ်ကြာ စာတွေ့လက်တွေ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )