တမူးမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး​ပေး

တမူး အောက်တိုဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဥ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး​ခြင်းလုပ်ငန်းကို ယနေ့ နံနက် (၈)နာရီအချိန်က တမူးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် တစ်နှစ်ခွဲအောက် ကလေးငယ်များအား အသက် အရွယ် အပိုင်းအခြားအလိုက် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါ၊ ပိုလီယို ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ အသည်းရောင်အသားဝါ(ဘီ)၊ မေးခိုင်အသဲရောင်အသားဝါရောဂါ ကာကွယ်ဆေးများ ထိုးနှံ တိုက်ကျွေးခဲ့ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကလေးငယ်များ၏ မိဘများကိုလည်း ကိုဗစ်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို လစဥ် လဆန်း (၁)ရက်နေ့မှ (၅)ရက်နေ့ထိ  ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း  သိရ သည်။

ရတနာ