ထားဝယ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ထားဝယ်   အောက်တိုဘာ  ၂

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ထားဝယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထက်နောင်က မီးဘေးကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များတိုးချဲ့ဖွဲ့စည်းရေးနှင့် အရည်အသွေးပြည့်ဝ ထက်မြက်အောင်ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော မီးသတ်ပညာရပ်များကို မီးသတ်တပ်ဖွဲ့ဝင်တိုင်း သိရှိတက်မြောက်ကျွမ်းကျင်ရန်လိုအပ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ ရည်မှန်းချက်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများကို စွန်စွန့် စားစား၊ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သော တပ်ဖွဲ့ဝင်များကို လည်းနိုင်ငံတော်က စွမ်းရည်သတ္တိနှင့်စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့် လျက်ရှိကြောင်း၊ သင်တန်းက သင်ကြားပေး လိုက်သော သင်ခန်းစာများကိုလည်း စိတ်ဝင်တစား လေ့လာသင်ကြားပြီးပိုမို ကျွမ်းကျင်အောင် လေ့ကျင့်ကြရန်လိုကြောင်း၊နိုင်ငံတော်အေးချမ်းသာယာ ပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်အောင် တည်ဆောက်ရေးဆိုသည့် ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြေမပြတ်ရန်အတွက် အစိုးရ၊ ပြည်သူတို့နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်းပြောကြားသည်။

ထို့နောက် ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းသုံး တူညီဝတ်စုံများပေးအပ်သည်။

သင်တန်းတွင်တာဝန်ရှိသူများက  သင်တန်းသား(၁၀၀)ဦးအားစစ်ရေးပြသင်ကြားခြင်းရည်ရွယ်ချက်၊ မီးသတ်တပ်ဖွဲ့ ရည်ရွယ်ချက်စွမ်းရည်(၄)ရပ်၊ အဓိကတာဝန်ကြီး(၅)ရပ်၊ စစ်ဝတ်တန်ဆာဝတ်ဆင်ရခြင်းအကျိုးကျေးဇူး၊ မီးလောင်မှု အခြေခံသဘောတရား၊ မီးလောင်သည့်အကြောင်း အရင်း(၁၀)ချက်၊ ရေအကြောင်းအခြေခံသဘောတရား၊ အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းနှင့်လုပ်ငန်း တာဝန်များ၊ အခြေခံကြိုးချည်နည်း၊ မီးငြှိမ်းသတ်ရေး ကိရိယာကိုင်တွယ်အသုံးပြုနည်း၊ ရှေးဦးသူနာပြုစုနည်း၊ ကယ်ဆယ်နည်းအမျိုးမျိုး၊ မီးသတ်တပ်ဖွဲ့ဥပဒေစသည့် ဘာသာရပ်များကို အောက်တိုဘာ (၂၇)ရက်နေ့ အထိစာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)