လိပ်သို အောက်တိုဘာ ၂
နောင်တစ်ခေတ်တွင် ခေါင်းဆောင်ဖြစ်လာမည့် နိုင်ငံတော်ကို တည်ဆောက်ကြမည့် မျိုးဆက်သစ်ကလေးငယ်များကို ပြုစုပျိုးထောင်ပေးကြရသည့် ဆရာ၊ဆရာမများတို့သည် အရေးပါဆုံး သော ပုဂ္ဂိုလ်များပင် ဖြစ်သည်နှင့်အညီ ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား သိရှိစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် အသိ ပညာပေးဟောပြောပွဲနှင့် စာကြည့်တိုက်သို့ လစဉ်ရောက်ရှိလာသည့် စာအုပ်များအား စာဖတ်သူများကြည့်ရှုလေ့လာနိုင်ရန်အတွက် စာအုပ်ပြပွဲကို လိပ်သိုမြို့ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့ အမှတ်ရစေရစေလိုကြောင်း၊ ဆရာနှင့် ပညာရေးဒွန်တွဲလျက်ရှိသလို ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအတွက်အရေးကြီးသော အခန်းကဏ္ဍတွင် တွဲလျက်ပါဝင်ကြောင်း၊ လူ့လောက၌ ဆရာဟူသည် မြင့်မြတ်လှသော ပုဂ္ဂိုလ်အဖြစ် “အနန္တောအနန္တ” ငါးပါးတွင် ထည့်သွင်းခဲ့ကြကြောင်း၊ ဆရာသည် လူပေါင်းများစွာထဲမှ လူအများကို လူကောင်းလူတော်ဖြစ်အောင် စွမ်းဆောင်နိုင်သူများဖြစ်ကြောင်း၊ ဆရာသမားများ၏ အရိပ်သည်တပည့်တည်းဟူသော မျိုးစေ့ပင်တို့ကို အစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက်မှု ပေးနိုင်စွမ်းရှိကြောင်းတို့ကို အသိပညာဗဟုသုတ ရရှိစေရန် ဟောပြောခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)