တနင်္သာရီ အောက်တိုဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် မွေးကင်းစမှ၍ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး/ ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းအတွင်း ယမန်နေ့ကဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ခံသားဖွား ဆရာမဒေါ်မာမာခိုင်နှင့်ဝန်ထမ်းများက မွေးကင်းစမှအသက်(၂)နှစ်အရွယ်အထိ အသက်အပိုင်းခြား အလိုက် ကလေးများအား ဘီစီဂျီ၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုပ်ရောင်(PCV)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျော ရောဂါ (ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေး(၉)မျိုးတို့ကို ထိုးနှံပေးခြင်း နှင့် ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေး၍ ကျန်းမာရေးစောင့်ရှောက်မှုပေး ခဲ့ရာ ယမန်နေ့က ကလေးငယ်(၂၁၅)ဦးအား ထိုးနှံ/တိုက်ကျွေးပေးခဲ့ကြောင်းနှင့် ပုံမှန်ကာကွယ် ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို လစဉ်လဆန်းတစ်ရက်နေ့တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ခံသားဖွားဆရာမထံမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)