သရက်ချောင်းမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး စာရင်းကောက်ဆင့်ပွား ရက်တိုသင်တန်းဖွင့်လှစ်သင်ကြား

သရက်ချောင်း  အောက်တိုဘာ  

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်သော တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး စာရင်းကောက်ဆင့်ပွားရက်တို သင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါက်တာလမင်းကိုကိုက သင်တန်းသူများအား တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး စာရင်းကောက်ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါသင်တန်းသို့တက်ရောက်မည့် သင်တန်းသူများအား ကျေးဇူးတင်စကားပြောကြားကာ အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို သရက်ချောင်းမြို့နယ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလမင်းကိုကိုနှင့် ဒု-လက်ထောက် ဦးအောင်သူလင်းတို့က သင်တန်းသူများ မြို့နယ်အတွင်း အိမ်တိုင်ရာရောက် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရာတွင် လွယ်ကူချောမွေ့စေရန် ကောက်ယူနိုင်ရေးစာတွေ့/လက်တွေ့နည်းများဖြင့် သင်ကြားပို့ချလျက်ရှိပြီး တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းကောက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလမင်းကိုကိုထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)