မကွေး အောက်တိုဘာ ၂
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို အောက်တိုဘာ ၂ ရက် နံနက် ၁၀ နာရီက မကွေးမြို့ ဖန်ခါးမြေ ဘိုးဘွားရိပ်သာဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးမှ ဂုဏ်ပြုခံဘိုးဘွားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက သက်ကြီးရွယ်အိုများ၏ဘဝ သာယာချမ်းမြေ့စေရန် ချမှတ်ထားသည့် အမှီအခိုကင်းပြီး လွတ်လပ်ခွင့် အပြည့်အဝရရှိစေဖို့၊ ပါဝင်ဆောင်ရွက်ခွင့် ရရှိစေဖို့၊ အပြန်အလှန် ကူညီဆောင်ရွက်မှုပြုကြဖို့၊ မိမိကိုယ်တိုင် ဖြည့်စွမ်းနိုင်ဖို့၊ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ခွင့်ရရှိဖို့ စသည့် အခြေခံမူငါးရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဆောင်ပုဒ်ကတော့ “သက်ကြီးသူများဘဝ သာယာဖို့ သက်ရွယ်စုံညီပါဝင်လို့ဝိုင်းဝန်း ဖြည့်ဆည်းကြပါစို့” “ Fulfilling the Promises of the Universal Declaration of Human Rights for Older Persons: Across Generations" ဖြစ်ပါကြောင်း၊ ယခုနှစ်ရဲ့ဆောင်ပုဒ်နဲ့အညီ သက်ကြီးသူများရဲ့ ဘဝဆည်းဆာချိန်ကို ကောင်းမွန်စွာဖြတ်သန်း ကုန်ဆုံးနိုင်စေရေးအတွက် သက်ကြီးသူတို့ရဲ့ အခွင့်အရေးများကို ငယ်ရွယ်သူများက စဉ်ဆက်မပြတ် ဝိုင်းဝန်းဖြည့်ဆည်းပေးရန်လည်း အထူးလိုအပ်လှပါကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ ၅၁.၄၈၆ သန်းအနက် ၄.၅သန်း (၈.၉ရာခိုင်နှုန်း)ဟာ သက်ကြီးဘိုးဘွားများဖြစ်ပါကြောင်း၊ လာမယ့် ၂၀၅၀ ခုနှစ်မှာ သက်ကြီးသူ အချိုးအစားဟာ နိုင်ငံ့လူဦးရေရဲ့ (၂၀.၂ ရာခိုင်နှုန်း)အထိ တိုးတက်များပြားလာနိုင်ဖွယ်ရှိပါကြောင်း၊ ဒီလိုသက်ကြီးသူဦးရေ တိုးတက်များပြား လာရခြင်းဟာ ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်ပြီး အသက် (၈၅)နှစ်နှင့် အထက်သို့လျှော့ချပြီး ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်ကာလမှာ သက်ကြီးဘိုးဘွား(၁၇၇၈၀)ဦးအတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သန်း(၅၃၃.၄)ကို လည်းကောင်း၊ ဒုတိယ (၃) လပတ်ကာလအတွက် သက်ကြီးဘိုးဘွား (၁၇၉၂၉) ဦးအတွက် တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သန်း(၅၃၇.၈၇)ကို ထောက်ပံ့ပေးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဆက်တည်းမှာ တိုင်းဒေသကြီးအတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ တည်ထောင်ခွင့်ပြုမိန့် ရရှိပြီးတဲ့ ဘိုးဘွားရိပ်သာ (၇)ခုသို့ သတ်မှတ်အဆင့်များအလိုက် ဆန်ဖိုး၊ စားစရိတ်၊ ဝတ်စရိတ်၊ ဂေဟာမှူးလစာများအတွက် ကျပ်သန်း(၃၁.၉၃၅)ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ဒါ့အပြင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်းကံကြီးရပ်ကွက်မှ အသက်အကြီးဆုံး အဘွား ဒေါ်ချောယဉ်(၁၂၃)နှစ်ဟာ မကွေးတိုင်းဒေသကြီး အတွင်းသာမက မြန်မာတစ်နိုင်ငံလုံး အသက်ကြီးဆုံး အဘွားအဖြစ် ရွေးချယ်ခြင်းခံရတဲ့အတွက် ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနားမှာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၀)သိန်း ထောက်ပံ့သွားမှာဖြစ်တာကြောင့် အထူးပင်ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ ဆက်လက်ပြီး ဒီကနေ့ အခမ်းအနားသို့ တက်ရောက်လာတဲ့ ဂုဏ်ပြုခံဘိုးဘွားများကိုလည်း တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရှိရတဲ့အတွက် အထူးပင် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ မြန်မာတို့၏ ရှိရင်းစွဲ သက်ကြီးရွယ်အိုများအပေါ်ထားရှိသည့် ရိုးရာယဉ်ကျေးမှု အစဉ်အလာများ မပျောက်ပျက်အောင် ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေမည့် ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးစောင့်ရှောက်မှုများကို မြှင့်တင်ရင်း တိုင်းဒေသကြီးအတွင်းရှိ သက်ကြီးဘိုးဘွားများရဲ့ဘဝ ဂုဏ်သိက္ခာရှိစွာ ဖြတ်သန်းကုန်ဆုံးစေရေး အတွက် လုံခြုံစိတ်ချရသည့် ပတ်ဝန်းကျင်ကောင်းရရှိရေးနှင့်အတူ ဘိုးဘွားများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်ကာ လူမှုပတ်ဝန်းကျင်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး လက်ကမ်းကြိုဆို ဆောင်ရွက်ပေးကြစေလို ကြောင်းဖြင့် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အကြီးအကဲများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များက သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေ၊ ကန်တော့ခံပစ္စည်းများနှင့် အားတိုးဆေးများကို တက်ရောက်လာသည့် အဘိုးအဘွားများထံ ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ပြီး၊ ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသည့် ဘိုးဘွားအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှု၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အသက်အကြီးဆုံး အဘွားတစ်ဦးအပါအဝင် သက်ကြီးဘိုးဘွား (၇၀)ဦးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ စုပေါင်းပါဝင်မှုဖြင့် အလှူငွေနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်ရာ လှူဒါန်းမှု စုစုပေါင်း တန်ဖိုးငွေကျပ် (၅၅၃၀၀၀၀/ဝိ-) ကျပ်ငါးဆယ့်ငါးသိန်း သုံးသောင်း ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)