ရွှေဘို အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးတိုးတက်ရေး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး လူငယ်လူရွယ်များ၏ အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေးနှင့် ပညာရှင်များ ထွန်းကားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် ကွန်ပျူတာ အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီချိန် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားရာ၊ သင်တန်းသား/သူများအနေဖြင့် မိမိတို့လုပ်ငန်းခွင်တွင် အဆင်ပြေချောမွေ့အောင် ကျွမ်းကျင်မှု ရှိအောင် ကြိုးစားဆောင်ရွက်သွားကြရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အထောက်အကူပြု သင်တန်းများ အားစဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီးလက်ျာအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်မြင့်တို့က ကွန်ပျူတာအခြေခံသင်တန်း နည်ပြများအား ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီးနောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်(၂၃.၈.၂၀၂၃) ရက်နေ့မှ (၃၀.၉.၂၀၂၃) ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၂၃ ဦး တက်ရောက်ကာ အခမဲ့ စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးခဲ့ပြီး သင်တန်းများအား ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်