ပုသိမ် အောက်တိုဘာ ၂
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ (၁)နှစ်တာကာလအတွင်း အကြမ်းဖက်အဖွဲ့များ၏ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိအောင်နှင့် အများပြည်သူ စိတ်ဝင်စားပြီး ထူးခြားသည့်မှုခင်းများ၌ စွမ်းစွမ်းတမံ ဖော်ထုတ်ပေးခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင် (၈၉)ဦးကို ဆုများချီးမြှင့်နိုင်ခဲ့ကြောင်း သိရပြီး အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ “မြန်မာ့ရဲ"သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ နေ့ထူးနေ့မြတ် ဖြစ်သလို ရဲတပ်ဖွဲ့ဝင်များ၏ နေ့သစ်လောင်းသည့် နေ့တစ်နေ့လည်း ဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့သည် ပြည်သူ့အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လာခဲ့သည်မှာ ယနေ့တွင် (၅၉)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်တွင်းလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်နေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် စိန်ခေါ်မှုအသစ်တွေကို အမြဲမပြတ် ထိတွေ့နေကြရမှာဖြစ်၍ အသင့်ဖြစ်နေအောင် စီမံဆောင်ရွက်ထားကြဖို့ လိုအပ်ပါကြောင်း၊ ပြည်တွင်းလုံခြုံရေးနှင့် တရားဥဒေစိုးမိုးရေးအတွက် ပြည်သူနဲ့အတူ လက်တွဲပြီး ထိရောက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နေကြရသကဲ့သို့ နယ်စပ်ဒေသလုံခြုံရေးကိုလည်း အထူးဂရုပြု ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်နှင့်အညီ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းထားရှိပြီး အင်တာပိုအဖွဲ့ဝင် နိုင်ငံဖြစ်တာနှင့်အညီ နိုင်ငံတကာ ရဲလုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှု၊ မှုခင်းသတင်းအချက်အလက် ဖလှယ်မှုများအပြင် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လိုက်နာရမယ့် အစဉ်အလာကောင်း (၁၂)ရပ်တွင် ပါရှိသည့် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းထဲ လက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အချက်နှင့်အညီ တပ်မတော်နှင့် အတူလက်တွဲ၍ လက်ရှိ နိုင်ငံတော်ရဲ့ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် (၄)ရပ်ကို အောင်မြင်အောင် ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့ဝင် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပူးပေါင်းပါဝင်ဆောင်ရွက်နေသည်ကို တပ်ဖွဲ့ဝင်တိုင်းက နားလည်ပြီး တာဝန်ကျေပွန်စွာ မှန်ကန်မွန်မြတ်သော စိတ်စေတနာကောင်းများဖြင့် ဆောင်ရွက် သွားကြဖို့လည်း တိုက်တွန်းလိုပါကြောင်း၊ တာဝန်တွေကို ဆောင်ရွက်ရင်းဖြင့် အသက်ပေးလှူခဲ့ရသည့်တပ်ဖွဲ့ဝင်များနှင့် ကိုယ်အင်္ဂါချို့ယွင်းဆုံးရှုံးခဲ့ရသည့် တပ်ဖွဲ့ဝင်တွေ ကိုလည်း အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်း အားလုံးသည် မိမိတို့၏ လုပ်ပိုင်ခွင့်၊ လုပ်ငန်းကျွမ်းကျင်မှုတွေနဲ့အတူ ဥပဒေကို ကိုင်တွယ် အသုံးပြုရာတွင် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သည့် ရဲတပ်ဖွဲ့ဝင် ကောင်းများဖြစ်အောင် ကြိုးပမ်းကြရန်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရာမှာလည်း ရဲလုပ်ငန်း၊ ဥပဒေလုပ်ထုံးလုပ်နည်း၊ ကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို ရည်မှန်း၍ လုပ်ငန်းတာဝန်တွေ အစဉ်ကြိုးပမ်းထမ်းဆောင်သွားကြပါလို့ တိုက်တွန်းပြောကြား လိုပါကြောင်း” အမှာစကားပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၏ သဝဏ်လွှာအားဖတ်ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ သီးခြားအထူးဆုငွေရရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ချီးမြှင့်ထောက်ပံ့ငွေများနှင့် အင်္ဂပူမြို့နယ်၊ ဒေးဒရဲမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှ ရဲမှုထမ်းဟောင်းများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံ ရယူခဲ့သည်။ ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုချီးမြှင့်ငွေ၊ တိုင်းတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်း လက်မှတ်နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ သီးခြားအထူးဆုငွေ ရရှိသူများအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်း လက်မှတ်နှင့် ဆုချီးမြှင့်ငွေ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ သီးခြားအထူးဆုငွေ၊ တိုင်းတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုချီးမြှင့်ငွေ ရရှိသူများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုချီးမြှင့်ငွေ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုချီးမြှင့်ငွေ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ သီးခြားအထူးဆုငွေ ရရှိသူများအားလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိးမ်းအမှတ်အဖြစ် ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)