ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးဆေးကုသရေးအဖွဲ့မှ  ကျန်းမာရေးစောင့်ရှောက်မှုများအား ကြည့်ရှုအားပေး

ဟင်္သာတ အောက်တိုဘာ ၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ဟင်္သာတခရိုင် ဟင်္သာတမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ ပါဝင်သော အထူးဆေးကုသရေးအဖွဲ့မှ ​လာရောက်ပြသသူလူနာများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုများကို ယမန်နေ့လည်ပိုင်းက လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ကျန်းမာရေးဝန်ကြီးဌာန အစီအစဥ်ဖြင့် ဟင်္သာတမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှစ၍ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာန၌ ရန်ကုန်မြို့မှ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးဆေးကုသရေးအဖွဲ့မှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ​ပြုလုပ်ပေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးတို့ ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကုသရေးအဖွဲ့တွင် ပါဝင်ကြသော ဆရာဝန်ကြီးများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ဆေးကုသမှုခံယူကြသူများအား ရင်းရင်းနှီးနှီး လိုက်လံအားပေးခဲ့ကြသည်။

ထို့နောက် ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေး တို့ကိုကြည့်ရှုအားပေးပြီး ကလေးငယ်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ အထူးကုဆေးကုသရေးအဖွဲ့ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများသည် ခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆရာ၊ ဆရာမများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့နယ်တွင်သာမက တိုင်းအတွင်းရှိ မြို့နယ်များမှ လာရောက်ပြသကြသော နှလုံးရောဂါဆိုင်ရာ လူနာ(၆၀)ဦး၊ ဦးနှောက်နှင့် အာရုံကြောရောဂါဆိုင်ရာလူနာ (၅၅)ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ရောဂါဆိုင်ရာ လူနာ(၁၉)ဦး၊ အသည်းရောဂါဆိုင်ရာလူနာ(၂၉)ဦး၊ သွေးရောဂါဆိုင်ရာ လူနာ(၁၉)ဦး၊ ရင်ခေါင်းဆေးပညာလူနာ(၂၈)ဦး၊ အထွေထွေရောဂါဆိုင်ရာ လူနာ(၇၁)ဦး၊ ဆီချိုနှင့် ဟော်မုန်းဆိုင်ရာ လူနာ(၆၁)ဦး၊ အရိုးအကြောအဆစ် ရောဂါဆိုင်ရာလူနာ (၁၁၇)ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ(၂၇၆)ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါဆိုင်ရာလူနာ (၄၇)ဦး၊ အရိုးရောဂါ ဆိုင်ရာလူနာ(၉၂)ဦး၊ သားဖွားမီးယပ်ဆိုင်ရာ လူနာ(၁၁၁)ဦး၊ အထွေထွေခွဲစိတ်လူနာ (၅၀)ဦး၊ ကလေးရောဂါဆိုင်ရာလူနာ (၃၈)ဦး၊ အရေပြားရောဂါဆိုင်ရာ လူနာ(၈၈)ဦး၊ ကင်ဆာရောဂါဆိုင်ရာလူနာ (၃၆) ဦး၊ သွားနှင့်ခံတွင်းရောဂါဆိုင်ရာလူနာ (၇၁)ဦး၊ ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေးဆိုင်ရာ လူနာ(၂၈)ဦး၊ စုစုပေါင်းဒေသခံပြည်သူ(၁၂၉၆)ဦးတို့အား လိုအပ်သော ကြည့်ရှုကုသပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဟင်္သာတမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက် (၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို လည်း Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း အစီအစဉ်တို့အား ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး၊ နားနေဆောင်တွင် ဆက်လက်ထိုးနှံ/တိုက်ကျွေးခြင်း ပြုလုပ်ခဲ့ရာ ကာကွယ်ဆေးအမျိုးအစားများ ဖြစ်သော ပိုလီယိုကာကွယ်ဆေး (ထိုးဆေး) IPV ၊ပိုလီယိုအစက်ချကာကွယ်ဆေး bOPV၊ ငါးမျိုးစပ်ကာကွယ်ဆေး Penta ၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး MR တို့အား မြို့နယ်အတွင်းရှိ အသက်(၁)နှစ်မှ (၅)နှစ်အတွင်း ကာကွယ်ဆေးလုံးဝမရရှိသေးသည့် ကလေးများနှင့် ကာကွယ်ဆေးအကြိမ်ပြည့်မရရှိသေးသည့်ကလေးငယ်(၁၆၀)ဦးနှင့် အသက် (၁)နှစ်အောက် ပုံမှန်ကာကွယ်ဆေး ထိုးနှံရမည့် ကလေးငယ်(၁၀၉)ဦး တို့အား ကာကွယ်ဆေး ထိုးနှံ/ တိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)