လိပ်သို အောက်တိုဘာ ၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာတိုးပွားစေရေးအတွက် စာအုပ်/စာစောင်များကို စဉ်ဆက်မပြတ် အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းတွင် လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းသား/ကျောင်းသူလေးများအား အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာအုပ်စာပေများကိုပါ လေ့လာဖတ်ရှုကြစေရန် စသည့်နယ်လှည့်စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီးနောက် တိုင်းရင်းသားရုပ်ပုံပြစာအုပ်များ၊ ပုံပြင်စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို လက်ဝယ်အရောက် ငှားရမ်းပေးခြင်းလုပ်ငန်းတို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် Online မှတစ်ဆင့် Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)