ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၇)ဦးဆေးရုံမှဆင်းခွင့်ရရှိ

ကြို့ပင်ကောက် အောက်တိုဘာ ၂၀


ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ အတည်ပြု လူနာ(၇)ဦး ပြန်လည်ကျန်းမာလာ၍ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ အတည်ပြုလူနာသစ် (၈)ဦးထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံတာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ကြို့ပင်ကောက်မြို့တွင် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အတည်ပြုလူနာ(၁)ဦး၊ ၁၇ ရက်နေ့တွင် (၅)ဦး၊ ၁၉ ရက်နေ့တွင် (၂)ဦး အတည်ပြုလူနာများတွေ့ရှိခဲ့ရကြောင်း အတည်ပြုလူနာများအားလုံးမှာ ရန်ကုန်တိုင်းဒေသကြီးမှ မိမိနေရပ်သို့ ပြန်လာကြသူများဖြစ်ရာ သက်ဆိုင်ရာ Quarantine Centre တို့တွင် အသွားအလာကန့်သတ် စောင့်ကြည့် ခံရသူများ ဖြစ်ပြီး ၎င်းတို့နှင့်ထိတွေ့ခဲ့သောမိသားစုဝင်များအား သက်ဆိုင်ရာကျေးရွာ Quarantine Centre များတွင် အသွားအလာကန့်သတ်စောင့်ကြည့်ပြီး နှာခေါင်းနှင့်အာခေါင်တို့ဖတ်များရရယူ၍ အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (NHL)သို့ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်ထံမှ သိရသည်။ 
အောက်တိုဘာလ ၂၀ ရက်နေ့အထိ ထပ်မံတွေ့ရှိရသော ကိုဗစ်-၁၉ အတည်ပြုလူနာ (၈)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် စောင့်ကြည့်ကုသပေးလျက်ရှိရာ အားလုံးကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးဒေါက်တာစိုးမြင့်အောင်ထံမှသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)