တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ်  အောက်တိုဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

အခမ်းအနားတွင်  အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ ခုနှစ်ကစတင်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်အထိ ခမ်းနားသိုက်မြိုက်စွာ နှစ်စဉ်ရည်ရွယ်ချက်ကောင်းများစွာနှင့် ၂၀၁၆ ခုနှစ် အထိ(၂၂)ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငါးနှစ်တာ ကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျင်းပပေးနိုင်ခဲ့ခြင်းမရှိကြောင်း၊ ၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် ပြိုင်ပွဲကြီးတွင် ရွက် ပုန်းသီးအနုပညာရှင်များစွာ ပေါ်ထွက်လာမှုနှင့်အတူ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း၊ ယခုနှစ်(၂၄)ကြိမ်မြောက်  မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကိုလည်း ဦးတည်ချက်(၄)ရပ်ချမှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (၂၄)ကြိမ်မြောက် ပြိုင်ပွဲကြီးကို ပြိုင်ပွဲဝင်ဘာသာရပ်ဆိုင်ရာ ပြည့်ပြည့်စုံစုံ၊ အကဲဖြတ်ပညာရှင်ကြီးများသိုက်သိုက်ဝန်းဝန်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မျိုးဆက်သစ်ရွက်ပုန်းသီးပြိုင်ပွဲ ဝင်လူငယ်မောင်မယ်များ အင်အားပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ (၂၄)ကြိမ်မြောက်ပြိုင်ပွဲတွင် ဘာသာရပ်(၁၈)မျိုးထဲမှအဆင့် အမျိုးအစား(၅၂)မျိုးထိ တိုးတက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှူအမွေ အနှစ်များထိန်းသိမ်းဖော်ထုတ်သည့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ကျင်းပသော မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် တနင်္သာရီတိုင်းဒေသကြီးဂုဏ်ဆောင် အနုပညာရှင်မျိုးဆက်သစ်များ ပေါ်ထွန်းရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်ဗဟိုအဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်မည့် ရှမ်းတိုင်းရင်းသားရိုးရာအက၊ ထားဝယ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများနှင့်  (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကိုဂုဏ်ပြုသောအားဖြင့်ဖျော်ဖြေရေးအဖွဲ့များက သီဆိုကပြ ဖျော်ဖြေတင်ဆက်နေမှုကို ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီနာယကတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ ပြိုင်ပွဲကျင်းပရေး  လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်မိဘများနှင့်ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၂ဝ၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့်အသက်(၁၀-၁၅)နှစ်၊ (၁၅-၂၀)နှစ်၊  အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့်တို့တွင် ပြိုင်ပွဲ ဝင်(၁၀၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)