မုံရွာ အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဓဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဇနီးများ၊ ဆုရရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် (၅၉)နှစ်တာ ကာလအတွင်း ရဲတပ်ဖွဲ့အား အရည်အသွေးမြင့်မားပြီး စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ခဲ့သလို မျက်မှောက်ခေတ်တွင်လည်း ဒီမိုကရေစီစနစ်ဖြင့် လျော်ညီသည့် ရဲတပ်ဖွဲ့လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် ဖြတ်သန်းလာခဲ့ရသည့် ကာလတစ်လျှောက်တွင် ရင်ဆိုင်ကြုံ တွေ့ခဲ့ရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများအပေါ် အောင်မြင်စွာ ကျော်လွှားဖြတ်သန်းပြီး ရရှိခဲ့ရသည့် အတွေ့အကြုံများကို သင်ခန်းစာအဖြစ် ရယူပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကိုသယ်ပိုးကာ တာဝန်များ ထမ်းဆောင်သွားကြရန် ပြောကြားလိုပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စိတ်အားထက်သန်စွာဖြင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် နေသည်ကို တွေ့ရှိရပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင်လည်း အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူလူထု၏ လိုအပ်ချက်များအား ဥပဒေနှင့် အညီအကူအညီပေးပြီး ပြည်သူလူထုပူးပေါင်းပါဝင်လာသည့် ရဲလုပ်ငန်းစနစ်အားအလေးထား အကောင်အထည်ဖော်ရန်လိုအပ်ပြီး ပြည်သူလူထုပူးပေါင်း ပါဝင်မှသာ ထိုက်သင့်သော အောင်မြင်မှုတစ်ရပ်ကို ရရှိနိုင်မှာဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ ယုံကြည်၊ လေးစား၊ အားကိုးမှု ခံယူရရှိနိုင်ရန်အတွက် “သစ္စာ၊ သမာဓိ၊ သတ္တိ ” ဆိုသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဦးထိပ်ဆောင်ပုဒ်နှင့်အညီ ကိုက်ညီသူများ အဖြစ်ကျင့် ကြံနေထိုင်ကြရန်လည်း လိုအပ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အမိနိုင်ငံတော်နှင့် ရဲတပ်ဖွဲ့အတွက် ပေးအပ်သည့်တာဝန်များအား ဦးလည်မသုန် ထမ်းရွက်နိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း၊ တပ်ဖွဲ့ဝင်ကောင်းများဖြစ်အောင် အစဉ်ကြိုးပမ်းရင်း နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးများကို ထမ်းရွက်သည့် စံပြနိုင်ငံ့သားကောင်း ရတနာများအဖြစ် မိသားစုနှင့်အတူ ချမ်းမြေ့ပျော်ရွှင်နိုင်ကြစေရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရဲဗလဘွဲ့ရရှိသူတစ်ဦးနှင့် နယ်မြေလုံခြုံရေး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့၍ တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ခြင်းခံရသူ ၂ တို့အား ဆုများပေးအပ်ချီးမြှင့်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်က လုံခြုံရေး ဆောင်ရွက်ခဲ့ရာတွင် အထူးကိစ္စရပ်တစ်ရပ်အနေဖြင့် တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ခြင်း ခံရသူ ၂ ဦး အား ရာထူးတပ်ဆင်ခြင်းနှင့် နယ်မြေလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ ၁ ဦးတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ရဲတပ်ဖွဲ့နေ့ Video Click အားကြည့်ရှုအားပေးပြီး ဆုရရဲတပ်ဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ပထမပိုင်းအခမ်းအနား ရုပ်သိမ်းခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရုံးကြီး ရပ်ကွက်၌ ကောက်ကွက် ၂ ကွက်အား အဖွဲ့ ၅ ဖွဲ့ခွဲကာ စမ်းသပ်သန်းခေါင်စာ ရင်းကောက် ယူနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရပ်ကွက်နေပြည်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြသည်။
စမ်းသပ်သန်းခေါင် စာရင်းကောက်ယူမှုအား ၂၀၂၃-ခုနှစ်၊ အောက်တိုဘာလ ၁ ရက် နေ့မှ ၁၅ ရက်နေ့အထိ မုံရွာမြို့နယ်အတွင်းရှိ ရုံးကြီးရပ်ကွက်တွင် ကောက်ကွက် ၂ ကွက်၊ သပြေတော ကျေးရွာတွင် ကောက်ကွက် ၁ ကွက်၊ ကော်လပြကျေးရွာတွင် ကောက်ကွက် ၂ ကွက်၊ ကျွဲရဲ(တ) ကျေးရွာတွင် ကောက်ကွက် ၂ ကွက်၊ ကျွဲရဲ(မ)ကျေးရွာတွင် ကောက်ကွက် ၃ ကွက် စုစုပေါင်း ကောက်ကွက် ၁၀ ကွက်ဖြင့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရ သည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်