မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်

မကွေး  အောက်တိုဘာ  ၂

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို  ယမန်နေ့ နံနက် ၉ နာရီက  မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က “ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို  လွတ်လပ်ရေးရပြီးသည့်  နောက်ပိုင်းမှစတင်ပြီး၊ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့ရာ  ၁၉၆၄ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ပြည်သူလူထု အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ်စာင့်ရှောက်သယ်ပိုးရန် ရည်ရွယ်ကာ ပြည်သူ့ရဲတပ်ဖွဲ့ဟု အမည်ပြောင်းလဲခဲ့ပြီး၊ ယင်းနေ့ကို ရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ကြောင်း၊ ၎င်းအပြင် ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ပေါ်ပေါက်လာစေရေး အသွင်သဏ္ဍန်ရော၊ အနှစ်သာရပါ ပြောင်းလဲအောင် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူကို ဗဟိုပြုသည့် ရဲလုပ်ငန်းစနစ်ဖော်ဆောင်မှုနှင့်အတူ ရည်မှန်းချက်တာဝန်လေးရပ်ဖြစ်သည့်  ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အစဉ်အလာ(၁၂)ရပ်မှာပါဝင်တဲ့ “နိုင်ငံတော်တွင်အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ်တစ်ဝမ်းတည်းလက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဆိုတဲ့အစဉ်အလာ နှင့် အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့ကစပြီး နိုင်ငံတော်တာဝန်ကို တပ်မတော်က ဦးဆောင် တာဝန်ထမ်းဆောင်တဲ့ အချိန်ကစပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း တပ်မတော်နှင့်အတူ နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ပူးတွဲလိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း၊ ဒီလိုဆောင်ရွက်ခဲ့ရာမှာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များက မိမိအသက်ကို ပဓါနမထားဘဲ စွန့်လွှတ် စွန့်စား တာဝန်ဆောင်ရွက်ခဲ့တဲ့အတွက် ကျဆုံး/ဒဏ်ရာရရှိသူ စုစုပေါင်း(၃၃၃)ဦးအနက် ကျဆုံးသည့် တပ်ဖွဲ့ဝင်(၅၇)ဦးနှင့် ဒဏ်ရာရရှိသည့် တပ်ဖွဲ့ဝင်(၂၇၆)ဦး ရှိတာကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များရဲ့ တာဝန်ထမ်းဆောင်မှုကို နိုင်ငံတော်က အလေးထားအသိအမှတ်ပြုတဲ့အနေနဲ့ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှု ဂုဏ်ပြုတံဆိပ်များကို စိစစ်ချီးမြှင့်ပေးခြင်းဖြင့် တပ်ဖွဲ့ဝင်များရဲ့ စိတ်ဓာတ်နှင့် စွမ်းရည်မြှင့်တင်ရေးကိုပါ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် မှာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်(၂၄)ဦးကို ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ်(၂၄)ဆု ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာလည်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရှိ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်(၂ဝ၉)ဦးကို နိုင်ငံတော်မှ ရဲသူရတံဆိပ်(၁)ဆု၊ ရဲဗလတံဆိပ် (၅၀)ဆုနှင့် ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်(၁၁)ဆုတို့ကို အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး၊ ယခု ၂၀၂၃ ခုနှစ်မှာ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်များအနက် ရဲဗလတံဆိပ်(၄) ဆုနှင့် ရဲချုပ်၏ အမှုထမ်းကောင်း လက်မှတ်(၂၁)ဆုတို့ကို နိုင်ငံတော်မှ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်သလို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း အထူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဟာ  မိမိတို့ လုပ်ပိုင်ခွင့်များဖြင့် ဥပဒေကို အသုံးပြုရာတွင်  ပွင့်လင်းမြင်သာစွာ တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်သော ရဲတပ်ဖွဲ့ဝင်ကောင်းများအဖြစ်  ရဲတပ်ဖွဲ့၏  သမာဓိဂုဏ်သိက္ခာ၊ ပြည်သူလူထု၏ ယုံကြည်မှုနှင့်  ဥပဒေနှင့်ညီညွတ်မှု စသည့်အချက်များဖြင့် ခိုင်မာအောင် တည်ဆောက်ပြီး၊ နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုနိုင်ရေး မိမိအလုပ် တာဝန်ကို တန်ဖိုးထား ဂုဏ်ယူစွာ အစဉ်ကြိုးပမ်းလုပ်ဆောင် သွားကြရမှာဖြစ်ပါကြောင်း ” စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ထံမှ (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား  မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး  ရဲမှူးကြီး  လင်းထွဋ် က  ဖတ်ကြားသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း အကြမ်းဖက်အုပ်စု PDF အဖွဲ့များ နှင့် စွမ်းစွမ်းတမံ တိုက်ပွဲဝင်စဉ်က ဒဏ်ရာရ/ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တပ်မတော် အရာရှိကြီးများ၊ တရားသူကြီးချုပ် ဦးမြင့်သိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး  ရဲမှူးကြီး  လင်းထွဋ် တို့က ဂုဏ်ထူးဆောင် တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲနေ့ အထိမ်းအမှတ် Video Clip ပြသခြင်း အစီအစဉ် ဆောင်ရွက်ခဲ့ပြီး၊မှတ်တမ်းဓာတ်ပုံရိုက်ကူးကာ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အကြီးအကဲများက လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)