ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ယခင်နှစ်များထက်ပိုမိုပြီး ပြည်သူကိုဝန်ဆောင်မှုပေးနိုင်ခဲ့

ဘားအံ အောက်တိုဘာ ၂

ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ တစ်နှစ်တာအတွင်း မှုခင်းများဖော်ထုတ်အရေးယူနိုင်မှု၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးပိုမိုဆောင်ရွက်နိုင်မှု၊ ပညာပေး၊ စည်းရုံးဆောင်ရွက်နေမှုများသည် ယခင်နှစ်များ ထက်ပိုမိုပြီး ပြည်သူကိုဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း ယမန်နေ့နံနက် ၈ နာရီခွဲက ဘားအံမြို့၊ ဇွဲကပင်ခန်းမတွင် ကျင်းပသည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားမှ သိရသည်။

အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြန်မာနိုင်ငံ၏လက်ရှိ နိုင်ငံရေးအပြောင်းအလဲအပေါ်အခြေခံပြီး အကြမ်း ဖက်အုပ်စုများသည် အနောက်နိုင်ငံများ၏ အကူအညီအထောက်အပံ့များရယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် ပူးပေါင်းကာ ပြည်တွင်းအကြမ်းဖက်လုပ်ငန်းများကို မင်းမဲ့စရိုက်ဆန်စွာ တိုင်းပြည်၏အလုံးစုံပျက်သုန်းရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်နေသည်ကို တွေ့မြင်ကြားသိကြမည်ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့အနေဖြင့် တပ်မတော်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပေါင်းစပ် ၍ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် တစ်နှစ်အတွင်း မူးယစ်ဆေးဝါး အမှုပေါင်း(၁၄၂)မှုတွင် တရားခံ ၁၈၉ ဦးကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ သော်လည်း သယ်ဆောင်ရောင်း ဝယ်မှုလျော့နည်းသွားခြင်းမရှိသည်ကိုတွေ့ရမည်ဖြစ်သည့်အတွက် အခက်အခဲများနှင့်စိန်ခေါ်မှုများကို လိုက်လျောညီ ထွေရှိမည့်လုပ်ငန်းစဉ်များကိုရေးဆွဲချမှတ်ပြီး ပပျောက်သည်အထိ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြစေလိုကြောင်း၊ ရဲတပ်ဖွဲ့နှင့် ပြည်သူတစ်သားတည်းဖြစ်နေစေရန် ပြည်သူလူထုလိုအပ်ချက်များကို ဥပဒေနှင့်အညီစိတ်စေတနာအရင်းခံဖြင့် ဆောင်ရွက်ပေးပြီး အမှုအခင်းများ၊ အန္တရာယ်များကို ကြိုတင်မျှော်တွေးကာ ဒေသနှင့်လျော်ညီသည့် ကာကွယ်ရေးလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ သည် ပြည်သူကြားကပေါက်ဖွားလာသူများဖြစ်သည့်အတွက် ပြည်သူ့အကျိုးကို ကာကွယ် စောင့်ရှောက်ပြီး တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ စည်းလုံညီညွှတ်မှု တည်ဆောက်ကာ ပြည်သူများ ကိုဝန်ဆောင်မှုကောင်းများပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်ထံမှ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာကို ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီးခင်ဇော်က ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်တို့က ရဲလုပ်ငန်းစွမ်းဆောင်ရည်ဆုနှင့် သင်တန်းထူးချွန်ဆုရတပ်ဖွဲ့ဝင်များအား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်း အမှတ် Video Clip ကို ကြည့်ရှုခဲ့ကြပြီး ထူးချွန်ဆုရတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် အခမ်းအနား သို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကားများပြောကြားကာ (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ခင်းကျင်းပြသထားသော ပြခန်းများနှင့် မှုခင်းပညာပေးပြခန်းယာဉ်တို့အား ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့နယ်၊ ကမော့ကစင် ကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်နယ်အင်အားဝန်ကြီးဌာန ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်းစမ်းသပ်ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က Mobile Tablet ဖြင့် GIS application Software ကိုအသုံးပြု၍ ဘားအံမြို့နယ်အတွင်း ကမော့ကစင်၊ ရဲသာ၊ အမှတ်(၃)ရပ်ကွက်၊ ရပ်ကွက်/ကျေးရွာ(၃)ခုတွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုအခြေအနေ၊ ကြီးကြပ်သူနှင့်စာရင်းကောက်အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ထားမှုအခြေအနေ၊ မေးခွန်းများ မေးမြန်းဖြေကြားမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)