ကန့်ဘလူမြို့နယ်၌ ကျေးရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကန့်ဘလူ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျေးရွာနေပြည်သူများ၏ အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရေး အတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာပြည်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့နေ့လယ်က နတ်ပေးကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ နည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး‌ အောင်ဇော်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာပြည်သူများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ရန် အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်ကောက်ယူမှု အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်မီတာခများ ပြေကျေအောင် ပေးသွင်းကြရန်နှင့်ချေးငွေများကို ပြန်လည်ပေးသွင်းကြရန်တို့ကို ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တက်ရောက်လာသူ ကျေးရွာပြည်သူများက သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရပ်မိရပ်ဖများ၊ ဒေသခံ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)