မုံရွာ အောက်တိုဘာ ၁
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုစေရန် စမ်းသပ်သန်းခေါင်စာရင်းများကို မြို့ပေါင်း ၂၀တွင် ကောက်ယူလျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယနေ့နံနက် ၈ နာရီအချိန်ကစ၍ စမ်းသပ် သန်းခေါင်စာရင်းများ ကောက်ယူရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေး ကောက်ကွက် (၁၀) ကွက်တွင် တစ်ကွက်လျှင် အိမ်ခြေ(၁၂၅) အိမ်နှုန်းဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ နေ့စဉ်ကောက်ယူသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ ရုံးကြီးရပ်ကွက်၌ အဖွဲ့ (၅)ဖွဲ့ ခွဲ၍ ကောက်ယူလျက်ရှိကြောင်း သိရှိရသည်။
စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများကို မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူနေသည့် လုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နှင့် တာဝန်ရှိသူများက အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က လှည့်လည်ကြည့်ရှုကာ ရပ်ကွက်နေမိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)