ဟိုင်းကြီးကျွန်း၌ ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေလုပ်ငန်းရှင်များတွေ့ဆုံဆွေးနွေး

ဟိုင်းကြီးကျွန်း   အောက်တိုဘာ   ၂၀

ဒေသတွင်း ကမ်းဝေးငါးဖမ်းလုပ်ငန်းများ၌ လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရသည့် အခက်အခဲများ နှင့် ပတ်သက်၍ ယမန်နေ့ နံနက် ၁၀ နာရီက ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးသန်းထွန်းအောင်၊ ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေးစခန်းတာဝန်ခံအရာရှိ ဦးဖုန်းမော်နှင့် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကမ်းဝေးမျှောပိုက်လုပ်ငန်းရှင် ၄၄ ဦးက ရာသီဥတုဆိုးရွားချိန်များနှင့် မုန်တိုင်းတိုက် ခတ်နေသောအချိန်များတွင် နိုင်ငံတော်က သတ်မှတ်ပေးထားသည့် ကမ်းနီးငါးလုပ်ငန်း ရေပြင် ၁၀ မိုင် အတွင်းစည်းသို့  ရေယာဉ်များနားခိုရန်ခက်ခဲခြင်းနှင့် ပင်လယ်ဒီရေကျချိန်များတွင် ရေယာဉ်များ မောင်းနှင်ရန်မဖြစ်နိုင်သည့်အတွက် ရာသီနားခိုခွင့်ကို နီးစပ်ရာ သမီးလှကျွန်း (ခ)လိပ်ကျွန်းအနီးသို့ ရပ်နားခွင့်ပြုပေးနိုင်ရန်နှင့် ကမ်းနီး(၁၀)မိုင် အတွင်းစည်း ဧရိယာအတွင်း၌ သမီးလှကျွန်းမှာ ပါဝင် နေသည့်အတွက် VMS စနစ်တပ်ဆင်ထားခြင်းကြောင့် အရေးယူခံရမည့် အခက်အခဲကိုလည်း ဖြေ လျော့ပေးစေလိုပါကြောင်းနှင့် လုပ်ငန်းရှင်များ၏ အခက်အခဲများကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ယခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် စာဖြင့် တင်ပြထားခဲ့ကြောင်း ဆွေးနွေးတင်ပြသည်။

ဟိုင်းကြီးကျွန်းမြို့က ရေလုပ်ငန်းရှင် ၄၄ ဦး၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ မုတ်သုန်ရာသီရာသီဥတုဆိုးရွားချိန်များတွင် ငါးဖမ်းရေယာဉ်နှင့် ရေလုပ်သားများ အန္တရာယ်ကင်းရှင်းပြီး လုံခြုံစွာကျွန်းခို ရပ်နားနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ ငပုတောမြို့နယ် ဟိုင်းကြီးကျွန်း၊ ပြင်ခရိုင်/ ချောင်းဝ ကျေးရွာနှင့် ဘိုကလေးမြို့နယ် ကဒုံကနိကျေးရွာ စသည်ဖြင့် နေရာ(၃)နေရာ သတ်မှတ်ပေး ထားကြောင်း၊ ယခုရာသီဥတု ခိုလှုံခွင့်တောင်းဆိုသော သမီးလှကျွန်း(ခ)လိပ်ကျွန်းမှာ ကမ်းနီးငါး လုပ်ငန်း ရေပြင်အတွင်းရှိ နေခြင်းကြောင့်လည်းကောင်း၊ ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးစနစ် VMS ဖြင့် ကြည့်ရှုစစ်ဆေးရာတွင် ကမ်းနီးငါးဖမ်းဧရိယာအတွင်း ကမ်းဝေးငါးဖမ်း ရေယာဉ်များ တရားမဝင်ရောက်ရှိနေသကဲ့သို့ ဖြစ်နေနိုင်သောကြောင့်လည်းကောင်း အစီအမံ(၄)ရပ် ဖြင့် ဆောင်ရွက်ပေးသွားနိုင်ရန် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းအစီအမံ(၄)ချက်မှာ ကျွန်းခိုရပ်နားစဉ် တရားမဝင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်မှု မရှိစေရေး ကမ်းဝေးငါးဖမ်းရေယာဉ်ပိုင်ရှင်များ၊ ပဲ့နင်းများအား ခေါ်ယူတွေ့ဆုံပြီး စည်းမျဉ်စည်းကမ်း များကို ရှင်းလင်းဆွေးနွေးကာ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းကို ဝန်ခံကတိ လက်မှတ်ရေး ထိုးစေခြင်း၊ ရာသီဥတုဆိုးရွားချိန်များတွင် သမီးလှကျွန်း(ခ)လိပ်ကျွန်း အနီးရပ်နားမည်ဆိုပါကသက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနသို့ အချိန်နှင့်တပြေးညီ သတင်းပေးပို့ စေခြင်း၊ သမီးလှကျွန်း တာဝန်ခံနှင့် ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာနတို့က ပူးပေါင်းကြီးကြပ် စစ်ဆေးစေခြင်း၊ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန VMS Sub-Control Center မှကြည့်ရှုစစ်ဆေးခြင်းဖြင့် ရာသီဥတုဆိုးရွားချိန်တွင် သမီးလှကျွန်း(ခ) လိပ်ကျွန်းအနီး ကျွန်းခိုရပ်နားသည့် ရေယာဉ်များအား တရာမဝင်ငါးဖမ်းဆီးမှု မရှိစေရေး စိစစ်ကြပ်မတ်သွားနိုင်မည်ဖြစ်ခြင်း တို့ဖြစ်ပါကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ တင်ပြချက်များနှင့်ပတ်သက်၍ “တင်ပြချက်များကို အမှန်အခြေအနေနှင့် သုံးသပ်ပြီးခွင့်ပြုရန်၊ အခွင့်အရေးအတွက် တာဝန်ယူမှု/တာဝန်ခံမှုရှိရန် လိုအပ်ပါသည်၊ တာဝန်ခံမှု မရှိလျှင် ထိုက်သင့်သလို အရေးယူရန်ဖြစ်သည်” ဟု ပြည်ထောင်စု ဝန်ကြီး၏ မှတ်ချက်ပြုခဲ့မှုအပေါ် ယနေ့ ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ဒေသခံရေလုပ်ငန်းရှင် များနှင့် တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းရခြင်းဖြစ်ကြောင်း၊  ပင်လယ်လိပ်မျိုး ထိန်းသိမ်ရေးစခန်း တာဝန်ခံအရာရှိ ဦးဖုန်းမော်က သမီးလှကျွန်းအနီး ကမ်းဝေးငါးဖမ်းရေယာဉ်များ နားခိုပါက ပင်လယ်လိပ် ထိန်းသိမ်း ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ သမီးလှဘေးမဲ့တောနှင့် ပတ်သက်၍ သစ်တောဦးစီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာရန်လိုအပ်ကြောင်း ဖြည့်စွက် ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဟိုင်းကြီးကျွန်းဒေသရှိ ကမ်းဝေးမျှောပိုက် လုပ်ငန်းရှင်(၄၄)ဦးက ရာသီဥတု ဆိုးရွားချိန်များနှင့် မုန်တိုင်းတိုက်ခတ်နေသော အချိန်များတွင် သမီးလှကျွန်း(ခ)လိပ်ကျွန်း အနီး၌ နားခိုခွင့်ကို ကနဦးသဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရှိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)