ဘုတ်ပြင်း အောက်တိုဘာ ၁
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင်ခြင်းကို ယမန်နေ့က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းမင်းစိုးက မီးဘေး၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူး ထိန်းသိမ်းထားသိုနည်းများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံနှင့် အသုံးဝင်ပုံများ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အရေးပေါ် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ အသက်ကယ်အင်္ကျီ (Life Jacket) အသုံးပြုနည်းများ၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား အသိပညာပေးဟောကြားခဲ့သည်။
ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ရေးသုံးဝတ်စုံများ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း အသုံးပြုနည်းများ သရုပ်ပြခြင်းများကို အသိပညာပေးရှင်းလင်းပြောကြားပြီး ခန်းမရှေ့မြက်ခင်းပြင်တွင် မီးငြှိမ်းသတ်ခြင်းနှင့် ပတ်သက်၍ အရေးပေါ်မီးလောင်မှုဖြစ် ပေါ်လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း၊ ဂစ်မီးအသုံးပြုသူများအနေဖြင့် မီးလောင်မှု ဖြစ်ပေါ်လာပါက၊ အရေးပေါ်မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး မရရှိနိုင်သည့်အခါ ရေစိုအဝတ်ဖြင့် အောက်ဆီဂျင်ဖြတ်တောက်၍ မီးငြှိမ်းသတ်နည်းများ လက်တွေ့သရုပ်ပြသခြင်း၊ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကိုယ်တိုင်ပါဝင်ပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်