ထားဝယ် အောက်တိုဘာ ၁
အောက်တိုဘာ ၁ ရက်နေ့ယနေ့တွင်ကျရောက်သည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲ မှုများပြုလုပ်လာခဲ့ပြီး ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် “ပြည်သူ့ရဲတပ်ဖွဲ့” ဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ကာ ရဲတပ်ဖွဲ့နေ့အဖြစ် စတင်သတ်မှတ်ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် “ပြည်သူ့ရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့”ဟု ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် “သစ္စာ၊ သမာဓိ၊ သတ္တိ” ဟူသည့် ဦးထိပ်ပန်ဆင်ထားသော ဆောင်ပုဒ်နှင့် အညီပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ရွက်နိုင်ရန် အသွင်သဏ္ဍာန်ရော၊ အနှစ်သာရပါ ပြောင်းလဲပြီး နှစ်အလိုက်အစီအမံများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ခေတ်အဆက်ဆက် ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေးဟူသည့် ရည်မှန်းချက်တာဝန်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးတို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဥပဒေနှင့်အညီ အစဉ်ကာကွယ်စောင့်ရှောက်သည့်ရဲတပ်ဖွဲ့ဖြစ်အောင်ဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ချမှတ်ပေးထားသော လုပ်ငန်းတာဝန်များ ကိုကျေပွန်စွာထမ်းဆောင်ရင်း ရဲစည်းကမ်း၊ ရဲကျင့်ဝတ်များနဲ့အညီ စံပြပြုမူဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ် ပြည်သူလူထု တစ်ရပ်လုံးက လေးစားအားကိုးရလောက်သည့် ဥပဒေဘက်တော်သားများ ဖြစ်လာအောင် ကြိုးစား ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ကျော်က ရဲချုပ်၏ သဝဏ်လွှာအားဖတ်ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ကမှုခင်းဖော်ထုတ်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှဒုရဲမှူးမြင့်နိုင်၊ ရဲတပ်ကြပ်သက်နေလင်း တို့(၂)ဦးနှင့် တရားမဝင်ကုန်ပစ္စည်းများ အများဆုံးဖမ်းဆီးနိုင်ခဲ့သူ ထားဝယ်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ်အောင်သူအား လည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က ရဲတပ်ကြပ်ကြီး သင်တန်းနှင့် ရဲအကြပ်ငယ်သင်တန်းတို့တွင် အကောင်းဆုံးကျောင်းသားဆုရရှိခဲ့သည့် အမျိုးသမီးတပ်ဖွဲ့ဝင်(၂)ဦးအားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ရဲတပ်သားသစ်အများဆုံးစုဆောင်းနိုင်သည့် (ပထမဆု)နှင့် (ဒုတိယဆု)တို့အား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးကြီး ခင်ကျော်က နယ်မြေလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေး တို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်အတူ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် စစ်မှုထမ်းဟောင်း(၁)ဦး၊ ပြည်သူ့စစ်(၁)ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး (၁)ဦးတို့အား လည်းကောင်း ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တက်ရောက်လာသော ဧည့်သည်တော်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဆောင်ရွက်ချက်များ Video Clip အား ပြသခဲ့ကြောင်းသတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)